
ချဲလ်ဆီး အသင်းဟာ ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် အဆင့် ရပ်တည်မှုမှာ ယခင်နှစ်ကထက် ထူးခြားပြီး မတိုးတက်သေးပေမယ့် ၊ အသင်းလိုက်ခြေစွမ်းနဲ့ ကစားသမားတွေရဲ့ တဦးချင်း ခြေစွမ်းတွေမှာ အတိုင်းအတာ တရပ် အထိ တိုးတက်မှု ရှိလာတာကို တွေ့ရပါတယ် ။
သို့ပေမယ့် ပျမ်းမျှ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးတာကြောင့် ချဲလ်ဆီးရဲ့ ယခုနှစ် ရာသီ ရလဒ်က နိုင်တခါ ၊ ရှုံးတလှည့် ပုံစံမျိုးနဲ့ မတည်ငြိမ်ပဲ ရှိနေပါတယ် ။ ခြေစွမ်းပိုင်း အတိုးတက်ဆုံး ကစားသမားတွေထဲမှာတော့ ကွင်းတွင်း အသင်းခေါင်းဆောင် တာဝန်ကို အချိန် အများစု ဆောင်ရွက်ရတဲ့ ကော်နာ ဂေါ်လဂါက ထိပ်ဆုံးက ပါဝင်နေပါတယ် ။

ဂေါ်လဂါဟာ ဒီရာသီ ချဲလ်ဆီးရဲ့ ကွင်းလယ်အင်ဂျင် အဖြစ် မနားတမ်း press ကစားလေ့ ရှိပြီး ၊ ၄င်းကြောင့် အသင်းရဲ့ ဘောလုံးလုယူမှု စွမ်းရည် အတော်လေး တိုးတက်လာခဲ့ပါတယ် ။ ဒါ့အပြင် မန်စီးတီးကနေ ပေါင်သန်း ၄၀နဲ့ ရောက်လာတဲ့ ကိုးလ်ပါလ်မာကလည်း ခြင်္သေ့ပြာတို့ အတွက် သွင်းဂိုးနဲ့ ဖန်တီးမှု များစွာ စွမ်းဆောင်ပေးထားပါတယ် ။
ထိုအတူ အငှားက ပြန်လာတဲ့ အကယ်ဒမီထွက် ခံစစ်မှူး လီဗိုင်း ကိုဝဲလ်ဟာလည်း စီနီယာ ပွဲထွက်ကစားထူခွင့် အများအပြား ရထားကာ ၊ အတွေ့အကြုံ အတော်အသင့် ရှိလာပြီ ဖြစ်ပါတယ် ။ တဖက်မှာ ဒီရာသီမှာမှ ပြင်သစ်မြေကနေ လန်ဒန်သို့ ရောက်လာတဲ့ နောက်ခံလူ မာလို ဂတ်စ်တိုနဲ့ အိတ်ဆဲလ် ဒီဆာဆီတို့ဟာ အချိန်တိုအတွင်း ပရီးမီးယားလိဂ်နဲ့ အသားကျလာတာကို တွေ့ရပါတယ် ။
ချဲလ်ဆီး ဂန္တဝင် ခံစစ်မှူးဟောင်း ဂယ်ရီ ကာဟေးလ်ကတော့ ဂေါ်လဂါဟာ သူ့အမြင်မှာ လက်ရှိ အကောင်းဆုံး ချဲလ်ဆီး ကစားသမား ဖြစ်ကြောင်း ထုတ်ဖော်ရင်း ၊ ကိုဝဲလ်ကတော့ အနာဂတ် အလားအလာကောင်းတွေ ပိုင်ဆိုင်နေကြောင်း ချီးကျူးသွားသလို ၊ သူ သဘောကျမိတဲ့ အခြားသော ချဲလ်ဆီး ကြယ်ပွင့်တွေ အကြောင်းလည်း အခုလို မှတ်ချက်ပေးလာပါတယ် ။

ကာဟေးလ် က ” လီဗိုင်း ( ကိုဝဲလ် ) ကစားတာကို ကြည့်ရတာ ကျွန်တော် ကြိုက်ပါတယ် ။ သူဟာ အချိန်တိုင်း တိုးတက်နေတာပါ ။ သူ့မှာ အလားအလာကောင်း မြောက်မြားစွာ ရှိနေပါတယ် ။ ဂေါ်လဂါကိုလည်း ကျွန်တော် နှစ်သက်ပါတယ် ။ ကျွန်တော့ အမြင်မှာတော့ သူဟာ လက်ရှိ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမား တယောက် ဖြစ်ပါတယ် ။ ”
” သူ့ရဲ့ ပွဲအပေါ် ချဉ်းကပ်တဲ့ နည်းလမ်း ၊ သူ့ရဲ့ pressing ကစားဟန်နဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုတွေကို ကျွန်တော် သဘောကျပါတယ် ။ သူဟာ ကြီးကျယ်တဲ့ ဘောလုံးသမား တယောက် ဖြစ်ကို ဖြစ်လာနေပါတယ် ။ သူ့ရဲ့ အရည်အသွေးတွေက ကျန်တဲ့ အသင်းဖော်တွေကို သက်သာစေပါတယ် ။ ဒါက ကောင်းပါတယ် ။ ”
” အန်ဇို ( ဖာနန်ဒက်ဇ် ) နဲ့ ( မွိုက်ဆက်စ် ) ကိုင်စီဒိုတို့ရဲ့ ကွင်းလယ် အတွဲဖက်ဟာလည်း ပိုပိုပြီး ခိုင်မာလာပါပြီ ။ ကိုးလ်ပါလ်မာကလည်း အံ့သြဖွယ်ကောင်းတဲ့ ဘောလုံးရာသီ တခု ပိုင်ဆိုင်နေသလို ၊ သူဟာ အသင်းရဲ့ တောက်ပနေတဲ့ အလင်းရောင်ပါပဲ ။ ( အိတ်ဆဲလ် ) ဒီဆာဆီနဲ့ ( မာလို ) ဂတ်စ်တိုတို့ဟာလည်း ချဲလ်ဆီးမှာ အသားကျလာပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ အက်ဖ်အေဖလား ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းထားပြီး ၊ လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့နေပေမယ့် ၊ ဒါဟာ ၄င်းတို့အတွက် ဆုဖလားနဲ့ လက်တကမ်း အလို အနေအထားမှာ ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ကာဟေးလ်က အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။
ကာဟေးလ် က ” ရှုံးထွက်ဖလားတွေက အရေးကြီးမြဲ ကြီးဆဲပါ ။ အက်ဖ်အေဖလားဟာ ခင်ဗျား အနေနဲ့ ဆုဖလား တခုခု ရယူဖို့ ကြိုးစားနေချိန် ရရှိနိုင်တဲ့ အခွင့်အရေး လမ်းကြောင်း တရပ် ဖြစ်ပါတယ် ။ အသက်ငယ်ရွယ်တဲ့ ဒီကစားသမားအစုအဖွဲ့ဟာ ကိုယ်ဘယ်နေရာအထိ ရောက်နိုင်မလဲ ဆိုတာ မမြင်ရခင် အရင်ဆုံး တိုးတက်ဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR