Sports Myanmar

ပရိသတ်တွေကို ပြန်ပြီး ဝေဖန်ခဲ့တဲ့ ချဲလ်ဆီး စတားကို သတိနဲ့နေဖို့ ပြောလိုက်တဲ့ ပိုချက်တီနို

 

နိုင်ငံတကာ ပွဲကာလ မတိုင်မီ ကစားခဲ့တဲ့ လက်စတာနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲအပြီး ချဲလ်ဆီး တောင်ပံကစားသမား ရာဟင်း စတာလင် တယောက် ဆိုးဆိုးရွားရွား ခြေစွမ်း နုံချာခဲ့ပြီး ၊ ကွင်းတွင်း ချဲလ်ဆီး ပရိသတ် တချို့ဟာ ၄င်းအပေါ် Boo လုပ်ခဲ့ကြပါတယ် ။

ထိုပွဲအပြီးမှာ စတာလင်ဟာ အင်စတာဂရမ်မှတဆင့် ချဲလ်ဆီး ပရိသတ်တွေကို တောင်းပန်သွားခဲ့ပြီး ၊ ချဲလ်ဆီး အသင်းသားတွေကလည်း ၄င်းအနေနဲ့ တောင်းပန်ဖို့ မလိုကြောင်း comment ပြန်ရေးခဲ့ကြပါတယ် ။ ထိုအထဲမှာ အင်္ဂလန် ယူ၂၁ တောင်ပံကစားသမား နွန်နီ မက်ဒူးကီလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အင်တာဗျူး တခုမှာ မက်ဒူးကီ က ” သူ့ကို အားပေးဖို့ အရေးကြီးပါတယ် ။ ကျွန်တော်ဟာ ကိုယ့်ရဲ့ အမြင်ကို ထုတ်ပြဖို့ ဘာကောင်မှ မဟုတ်ပေမယ့် ၊ ကျွန်တော့မှာလည်း ကိုယ်ပိုင် အမြင် ရှိပါတယ် ။ သူဟာ ကျွန်တော့ရဲ့ အသင်းဖော် တဦး ဖြစ်ပြီး ၊ သူ့အပေါ် ဝေဖန်မှုတွေက အရမ်း ပြင်းထန်ပြီး ၊ မမျှတဘူးလို့ ထင်ပါတယ် ။ ”

” ကိုယ့်အမြင်ကို ချပြဖို့ ၊ အထင်လွဲနေတာတွေကို အနည်းငယ် ပြောင်းလဲဖို့ ကြိုးစားရမှာက ကျွန်တော်တို့ရဲ့ တာဝန်ပါ ။ ရာဟင်းဟာ သူမတူအောင် တော်တဲ့ ဘောလုံးသမား တယောက် ဖြစ်သလို ၊ လူပုဂ္ဂိုလ် အရဆို ပိုတောင်မှ သဘောကောင်းပါသေးတယ် ။ အခုလို သူ့အပေါ် တချို့က ဝေဖန်နေကြတာကို မြင်ရတော့ နည်းနည်း စိတ်ပျက်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကတော့ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ မက်ဒူးကီ အနေနဲ့ ပရိသတ်တွေကို ပြန်ပြီး ဝေဖန်မယ် ဆိုရင်တော့ သတိထားဖို့ လိုမှာ ဖြစ်ကြောင်း အခုလိုပဲ ပြောသွားခဲ့ပါတယ် ။

ပိုချက်တီနို က ” ဒါဟာ တည်ငြိမ်ခြင်းနဲ့ အခြေအနေ အပေါ် လက်ခံခြင်းနဲ့ပဲ သက်ဆိုင်ပါတယ် ။ အရေးကြီးဆုံးက ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ အခြေအနေကို ဖြေရှင်းဖို့ပါပဲ ။ ရာဟင်းဟာ အရမ်း အတွေ့အကြုံရင့်တဲ့ ကစားသမား တယောက်ပါ ။ ကျွန်တော်တို့ မလုပ်နိုင်တာက ကိုယ့်ရဲ့ စိတ်ခံစားချက်ကြောင့် ပိုပြီး ကြီးကျယ်တဲ့ အရာတွေကို မဖန်တီးနိုင်ပါဘူး ။ ”

” ပရိသတ်တွေ အသင်းသားတွေကို ချစ်ကြတာ ကျွန်တော် တကယ် ယုံပါတယ် ။ သူတို့ဟာ ရာဟင်းနဲ့ အသင်းရဲ့ ရလဒ်အပေါ် အားပေးနေကြမယ် ဆိုတာ သေချာပါတယ် ။ အသင်းဖော်တွေ အနေနဲ့လည်း အချင်းချင်း ရိုင်းပင်းကူညီဖို့ လိုပါမယ် ။ ကစားသမားတွေဟာ အချင်းချင်း ဆွေးနွေးပြီး ၊ ကိုယ့်ရဲ့ ခံစားချက်တွေ ၊ ထင်မြင်ချက်တွေကို ထုတ်ပြနိုင်ပါတယ် ။ ”

” Boo လုပ်တာနဲ့ ပတ်သက်ပြီး ကျွန်တော် မဘောမတူဘူး ဆိုတာ လက်စတာနဲ့ ပွဲအပြီးမှာ ပြောခဲ့ပြီးသားပါ ။ ဘာလို့လဲဆိုတော့ အသင်းသားတွေဟာ ကောင်းကောင်းမွန်မွန် ကစားချင်ကြသလို ၊ ဂိုးတွေလည်း သွင်းချင်ခဲ့ကြလို့ပါ ။ ပရိသတ်တွေဆီက စိတ်ပျက်လို့ ထွက်လာတဲ့ ဒေါသသံတွေကို ကျွန်တော်လည်း ခံခဲ့ရတာပါပဲ ။ ”

” တသင်းလုံး ဒီဒဏ်ကို ခံစားနေခဲ့ကြပါတယ် ။ ဒါပေမယ့် အရေးကြီးဆုံး အရာက ရာဟင်းဟာ အတွေ့အကြုံရင့် ကစားသမား တယောက် ဖြစ်တာကြောင့် သူ ဒီအခြေအနေကို သေချာပေါက် နားလည်ပါတယ် ။ ဒီမှာကြည့်ဗျာ ။ ကျွန်တော်တို့ဟာ ရှေ့ဆက်ဖို့ လိုပြီး ၊ ကိုယ့်အသင်းသား အတွက် ကာကွယ်ပေးရပါမယ် ။ ”

” ဒါက ကျွန်တော်တို့ရဲ့ တာဝန်ယူမှု ဖြစ်ပြီး ၊ ကစားသမားတွေ အနေနဲ့လည်း ပရိသတ်တွေကို ဖျောင်းဖျနိုင်ဖို့ ၊ ကောင်းမွန်တဲ့ နည်းလမ်းနဲ့ သူတို့ နားလည်အောင် ကြိုးစားအားထုတ်ပေးဖို့ လိုပါတယ် ။ ကစားသမားတွေဟာ ပရိသတ်တွေကို ချစ်ဖို့ လိုပြီး ၊ ပရိသတ်တွေကလည်း ကစားသမားတွေကို ချစ်ဖို့ လိုပါတယ် ။ ”

” ဒါက ကျွန်တော်တို့ ဖန်တီးဖို့ လိုတဲ့ သံယောဇဉ်ပါပဲ ။ ဒီလိုမှ မဟုတ်ရင် လူတိုင်းက စိတ်လွတ်ကိုယ်လွတ်တွေ ဖြစ်ကုန်မှာပါ ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကိုယ့်ရဲ့ ထင်မြင်ချက်တွေ ၊ စိတ်ခံစားချက်တွေ ထုတ်ပြောဖို့ ဆိုရင် သတိထားဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar