Sports Myanmar

ယူနိုက်တက် စတား တစ်ဦးရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး ကြေကွဲမိတယ်လို့ ပြောလိုက်တဲ့ ရက်ဒ်နပ် ၊ ဒပ်ဗ်လင်

 

Sky Sports ရဲ့ သတင်းသုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဂျေမီ ရက်ဒ်နပ် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ လက်ရှိ ခြေစွမ်းကို ကြည့်ရှုပြီး ကြေကွဲမိတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့လိုက်ပါတယ် ။

ယူနိုက်တက် စီနီယာ အသင်းဆီ စတင် ရောက်လာခဲ့တဲ့နောက် နှစ်စဥ် ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ဒီရာသီမှာတော့ တူညီတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး ခြေစွမ်းပိုင်း ထိုးကျနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ် ။

ဒါ့အပြင် သူဟာ ဒီရာသီမှာ ဘားသွားခဲ့ပြီး လေ့ကျင့်ရေး အစီအစဥ် ပျက်ကွက်ခဲ့တဲ့ ပြသနာမျိုးကိုလည်း ကြုံတွေ့ခဲ့ရပါသေးတယ် ။ သူဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေက နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ဘရန့်ဖို့ဒ် နဲ့ ကစားခဲ့ရတဲ့ ပွဲစဥ်မှာတော့ ရုန်းကန်ခဲ့ရပါတယ် ။

အဆိုပါ ပွဲစဥ်မှ ရပ်ရှ်ဖို့ ရဲ့ စွမ်းဆောင်ရည်ကို မြင်ခဲ့ရတဲ့ ဂျေမီ ရက်ဒ်နပ် က ကစားသမား ဖြစ်သူရဲ့ အားစိုက်ထုတ်မှု ကင်းမဲ့ပုံအပေါ် ဝေဖန်ခဲ့ပြီး ဒီရာသီမှာ ဘာကြောင့် အရင််လို စွမ်းဆောင်ရည် မပြသနိုင်ခဲ့တာလဲဆိုတဲ့အပေါ် ဝေဖန်် သုံးသပ်သွားခဲ့လိုက်ပါတယ် ။

” မားကပ်စ် ရပ်ရှ်ဖို့ ဟာ ပါရမီကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ ကစားသမား တစ်ဦးပါ ။ ဘုရားက ပေးတဲ့ ပါရမီထူးတွေပေါ့ ။ သူက အရာရာတိုင်းကို ပိုင်ဆိုင်ထားပါတယ် ။ ပြီးတော့ သူ့ရဲ့ ကာယပိုင်း ဖွဲ့စည်းတည်ဆောက််ပုံကလည်း ထူးကဲလှပါတယ် ”

” သူဟာ ပြေးနိုင်တယ် ၊ လိမ်ခေါက် ကျော်ဖြတ်နိုင်တယ် ၊ ဂိုးပေါက် ကန်သွင်းမှုတွေလည်း လုပ်နိုင်ပါတယ် ။ ပြီးခဲ့တဲ့ ရာသီတုန်းကဆို သူဟာ သွင်းဂိုး 30 ရအောင် လုပ်ပြနိုင်ခဲ့သေးတယ်လေ ။ အခု ကစားနေတဲ့ ကစားသမားကို ကြည့်လိုက်ပါဦး ”

” ဒီရာသီမှာ သူ 8 ဂိုးလောက်ပဲ သွင်းထားနိုင်ခဲ့ပါတယ် ။ အဲ့ဒီထဲက 7 ဂိုးက ပရီးမီးယားလိဂ်မှာ ၊ ကျန်တဲ့ တစ်ဂိုးက FA ဖလားမှာပါ ။ သူ့ကို စောင့်ကြည့်နေရတာက ဘောလုံး အားကစားကို ပျော်ရွှင် ခံစားနေတဲ့ ကစားသမား တစ်ဦးနဲ့ လုံးဝကို တူမနေပါဘူး ”

” သူ့ကို ကြည့်ပြီး ကျွန်တော် အရမ်းပဲ ကြေကွဲမိပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူက ပါရမီကောင်းတဲ့ ဘောလုံးသမား တစ်ဦး ဖြစ်နေလို့ပါပဲ ။ ကျွန်တော် သူ့ဆီကနေ ဒီထက် ပိုကောင်းတဲ့ အရည်အသွေးတွေကို ဆက်လက် မြင်တွေ့ချင်ပါသေးတယ် ” လို့ ရက်ဒ်နပ် က ပြောခဲ့ပြီး ဒီယွန် ဒပ်ဗ်လင် ကတော့…

” ကျွန်တော် သူပြုံးတာကို ပြန်မြင်ချင်နေပါတယ် ။ ခင််ဗျားလဲ သိတယ် ၊ ကျွန်တော်လဲ သိပါတယ် ၊ မားကပ်စ် ရပ်ရှ်ဖို့ က Natural Talent နဲ့ ပတ်သက်ရင် ယူနိုက်တက်တို့ ပိုင်ဆိုင်ထားဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံးပဲလို့ ကျွန်တော် လက်ခံထားပါတယ် ”

” သူလုပ်ချင်စိတ်ရှိတဲ့အခါတွေမှာ လုပ်ချင်တာ အကုန် လုပ်ပြနိုင်သူ တစ်ဦးပါပဲ ။ သူ ဘောလုံးကို ပြန်ပြီး ပျော််ရွှင် ခံစားတာ ကျွန်တော် မြင်ချင်ပါတယ် ။ ဘောလုံး ရဲ့ ပြင်ပမှာ သူ ဘာဖြစ်နေလဲဆိုတာ ကျွန်တော် မသိပါဘူး ။ ကွင်းထဲမှာလဲ သူ ပျော်မနေဘူးလေ ”

” သူ ဘောလုံးကို ပျော်ရွှင်စွာ ပြန်ကစားတာ မြင်ချင်ပါတယ် ။ သူအဲ့တာကို လုပ်နိုင်မယ် ၊ ဂိုးတွေ သွင်းယူပြနိုင်မယ်ဆိုရင် ကမ္ဘာ့ အကောင်းဆုံး ဘယ်ဖက် အခြမ်း တစ်ခုကို မြင်တွေ့ရမှာ သေချာလှပါတယ် ” လို့ ဒပ်ဗ်လင် က ဖွင့်ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#SM

မူရင်းသတင်း — Sports Myanmar