
ဘိုင်ယန်မြူးနစ်အသင်း၏နည်းပြ သောမတ်စ်တူဟယ်လ်က ထိပ်ဆုံးမှ လေဗာကူဆင်အသင်းနှင့် (၁၃)မှတ်အထိ ကွာဟသွားပြီးနောက် ဘွန်ဒစ်လီဂါချန်ပီယံလုပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုတစ်ပတ် ယှဉ်ပြိုင်ကစားသည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် လေဗာကူဆင်အသင်းက ဟော်ဖန်ဟင်မ်အသင်းအား အိမ်ကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရပြီး ဘိုင်ယန်မြူးနစ်အသင်း မှာမူ Der Klassiker ပြိုင်ဘက် ဒေါ့မွန်အသင်းကို အိမ်ကွင်းမှာပင် (ဝ-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ဘွန်ဒစ်လီဂါပြိုင် ပွဲပြီးဆုံးရန် လက်ကျန်(၇)ပွဲအလိုတွင် လေဗာကူဆင်အသင်းက (၇၃) မှတ်ရရှိထားပြီး ဒုတိယနေရာမှ ဘိုင်ယန်မြူးနစ်အသင်းက (၆၀)မှတ်သာရရှိသည့်အတွက် (၁၃)မှတ်အထိ ဖြတ်ထားနိုင်ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ချန်ပီယံဆုအတွက်ပြိုင်ဆိုင်မှုတွင် ဘိုင်ယန်မြူးနစ်အသင်း လက်လျှော့လိုက်ရပြီလားဟု မေးမြန်းမှုအပေါ် တူဟယ်လ်က "မှန်ပါတယ်။ ဒါက ရှင်းပါတယ်။ ဒီနေ့ပွဲအပြီးမှာ ရမှတ်တွေကို ရေတွက်စရာမလိုတော့ပါဘူး။ အခု ဘယ်လောက် ဖြစ်နေပြီလဲ။ လေဗာကူဆင်အသင်းကို ဂုဏ်ပြုပါတယ်" ဟု ဖြေကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် စံချိန်တင်အဖြစ် (၃၃) ကြိမ် ဗိုလ်စွဲထားသလို ၂၀၁၃ မှ ၂၀၂၃ ခုနှစ်အထိ (၁၁) ရာသီဆက်တိုက် ဗိုလ်စွဲထားနိုင်သည့် စံချိန်မှတ်တမ်းမှာလည်း ယခုရာသီတွင် ရပ်တန့်ရန် သေချာလုနီးပါးရှိနေပြီဖြစ်သည်။
လေဗာကူဆင်အသင်းမှာမူ ယခုရာသီတွင် ဗိုလ်စွဲပါက အသင်းသမိုင်းတစ်လျှောက် နှစ်ပေါင်း (၁၂၀) အကြာတွင် ပထမဆုံးဘွန်ဒစ်လီဂါချန်ပီယံဆု ဆွတ်ခူးရယူနိုင်မည်ဖြစ်သည်။ ထို့ပြင် လေဗာကူဆင် အသင်းအနေဖြင့် (၇၃)မှတ်ရရှိထားခြင်းမှာ ၁၉၉၉-၂၀၀၀ ရာသီတွင် အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ခဲ့သည့် ရမှတ်စုစုပေါင်းနှင့် တူညီသွားပြီဖြစ်သည်။
လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုမှာလည်း ဘွန်ဒစ်လီဂါပွဲစဉ်များတွင် တစ်ပွဲပျမ်းမျှ (၂.၂၁) မှတ်ရရှိထားပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အနည်းဆုံး ပွဲ (၅၀) နှင့်အထက် ကိုင်တွယ် ဖူးသည့်နည်းပြများအနက် ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း ဂွါဒီယိုလာ (၂.၅၂ မှတ်) နှင့် ဟန်ဆီဖလစ်ခ်(၂.၄၅ မှတ်) တို့ပြီးလျှင် ရလဒ်အကောင်းဆုံးအဖြစ် ရပ်တည်လျက် ရှိသည်။
အလွန်ဆိုသည် လေဗာကူဆင်အသင်းအား ယခုရာသီတွင် ပြိုင်ပွဲစုံ (၃၉) ပွဲဆက်တိုက် ရှုံးပွဲမရှိစေရန် စွမ်းဆောင်ပေးထားပြီး ဥရောပထိပ်သီးလိဂ်(၅)ခု၌ ရှုံးပွဲမရှိ ပွဲဆက်အများဆုံးစာရင်းတွင် ဒုတိယနေရာရောက်ရှိလာ ပြီဖြစ်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် ၂၀၀၄- ၂၀၀၅ ရာသီက အင်တာမီလန်အသင်း၏ (၃၈) ပွဲမှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းက ၂၀၁၁-၂၀၁၂ ရာသီတွင် (၄၂)ပွဲဖြင့် အများဆုံးစံချိန်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။