Eleven Media Group

ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲ ချန်ပီယံခါးပတ်လုပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော် အိမ်ရှင်ဖိုက်တာကို အမှတ်ဖြင့် အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်

Photo: Town Sports

ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲ ချန်ပီယံခါးပတ်လုပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော်သည် အိမ်ရှင်ဖိုက်တာကို အမှတ်ဖြင့်အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
Kun Khmer Warriors ဟု အမည်ပေးထားသည့် ကမ္ဘောဒီးယားရိုးရာ ခွန်ခမာပြိုင်ပွဲ ၆၃ ဒသမ ၅ ကီလိုတန်း ခါးပတ်လုပွဲ ကွာတားဖိုင်နယ်အဆင့် အုပ်စုတတိယပွဲများကို ပြီးခဲ့သည့် မတ် ၃၁ရက်က ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော်သည် အုပ်စုတတိယပွဲအဖြစ် အိမ်ရှင် ကမ္ဘောဒီးယားဖိုက်တာ ရီသီဆိုဖတ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရခြင်းဖြစ်သည်။
စိုးမိုးဇော်နှင့် ယှဉ်ပြိုင်ထိုးသတ်သည့် ကမ္ဘောဒီးယားဖိုက်တာ ရီသီဆိုဖတ်သည် (၆၁) ပွဲထိုးသတ်ထားရာ၊ (၅၁) ပွဲနိုင်၊ (၂) ပွဲ သရေ၊ (၈) ပွဲရှုံးနိမ့်ထားသူဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲမှာ ချန်ပီယံခါးပတ်လုပွဲဖြစ်သောကြောင့် (၃) မိနစ်၊ (၅) ချီယှဉ်ပြိုင်ထိုးသတ်ခဲ့ရသည်။
ပထမအချီတွင် စိုးမိုးဇော်သည် သူ၏ စတိုင်လ်အတိုင်း ဖြည်းဖြည်းမှန်မှန်သာ ထိုးသတ်ခဲ့ပြီး ဘယ်ထောက်လက်သီးနှင့် ညာခြေအမြင့်ကန်ချက်များကိုသာ အသုံးပြုခဲ့သည်။
ဒုတိယအချီတွင် နှစ်ဦးစလုံး ဆိုင်ထိုး၊ ပြိုင်ထိုးလာခဲ့သောကြောင့် ပွဲမှာ ကြည့်ကောင်းလာခဲ့ပြီး ကမ္ဘောဒီးယားဖိုက်တာ ရီသီဆိုဖတ်က ပိုမိုဖိအားပေးထိုးသတ်ခဲ့သည်။
တတိယအချီတွင် စိုးမိုးဇော်သည် အတင်းဝင်ဖိအားပေးထိုးလာခဲ့ပြီး ညာဖြောင့်လက်သီး၊ ညာခြေအမြင့်ကန်ချက်များအပြင် လူချင်းအပူးများတွင် တံတောင်ရိုက်ချက်များကိုပါ အသုံးချခဲ့သည်။
စိုးမိုးဇော်၏ ညာတံတောင်ရိုက်ချက်ကြောင့် ကမ္ဘောဒီးယားဖိုက်တာ ရီသီဆိုဖတ် ဘယ်မျက်ခုံးကွဲသွားပြီး သွေးများစီးကျလာခဲ့သည်။
စတုတ္ထအချီတွင်လည်း စိုးမိုးဇော်ကပင် ပိုဖိထိုးခဲ့ပြီး လူချင်းအပူးများတွင် ဘယ်၊ ညာတံတောင်ရိုက်ချက်များ၊ ချုပ်ဒူးတိုက်ချက်များဖြင့် သတ်ကွက်စုံလင်စွာ ထိုးသတ်ခဲ့သည်။
နောက်ဆုံးအချီတွင်လည်း စိုးမိုးဇော်မှာ ခွာမထိုးတော့ဘဲ ပူးထိုးခဲ့ပြီး တံတောင်ရိုက်ချက်များကိုသာ အားပြုထိုးသတ်ခဲ့သည်။
ပွဲအပြီးတွင် စိုးမိုးဇော်မှာ သိသိသာသာ လက်ရည်အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့သောကြောင့် အမှတ်ဖြင့်အနိုင်ရပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။
ယင်းပြိုင်ပွဲ၏ ၆၃ ဒသမ ၅ ကီလိုတန်း ခါးပတ်လုပွဲ ကွာတားဖိုင်နယ်အဆင့်တွင် နိုင်ငံ ငါးနိုင်ငံမှ ကစားသမားရှစ်ဦး ပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
စိုးမိုးဇော်သည် ပြီးခဲ့သည့် မတ် ၃ ရက်က ကွာတားဖိုင်နယ် ပထမပွဲအဖြစ် အိမ်ရှင် ကမ္ဘောဒီးယားဖိုက်တာ သီဗာရစ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။
စိုးမိုးဇော်သည် ပြီးခဲ့သည့် မတ် ၁၇ ရက်က ကွာတားဖိုင်နယ် ဒုတိယပွဲအဖြစ် ဥဇဘက်ကစ္စတန်နိုင်ငံသား အာဆာ့ဟ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
စိုးမိုးဇော်သည် ကွာတားအဆင့်တွင် သုံးပွဲထိုး၊ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် ဆီမီးအဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group