Eleven Media Group

တိုက်စစ်မှူး အောင်ကောင်းမာန်၏ နာခွန်ရတ်ချာစီမာအသင်း ပွဲစဉ်မကုန်ဆုံးမီ တန်းတက်ခွင့်ရ

Photo: Nakhonratchasima

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဖြစ်သူ အောင်ကောင်းမာန် သွားရောက်ကစားနေသည့် ထိုင်းလိဂ်-၂ ကလပ် နာခွန်ရတ်ချာစီမာအသင်းသည် ပွဲစဉ်မကုန်ဆုံးမီ တန်းတက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
နာခွန်ရတ်ချာစီမာအသင်းသည် ယခု ၂၀၂၃- ၂၀၂၄ ရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲ၊ ပွဲစဉ်(၃၁) အပြီးတွင် (၁၉) ပွဲနိုင်၊ (၉) ပွဲ သရေ၊ (၉) ပွဲရှုံး၊ ရမှတ်(၆၆) မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေလျက်ရှိသည်။
ယခုရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲကို အသင်းပေါင်း(၁၈) သင်း ပါဝင်ယှဉ်ပြိုင်နေလျက်ရှိပြီး နှစ်ကျော့စနစ်ဖြင့် ကျင်းပနေလျက်ရှိကာ ထိပ်ဆုံးရပ်တည်မှုရ အသင်းနှစ်သင်းမှာ ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တိုက်ရိုက်တန်းတက်ခွင့်ရရှိမည်ဖြစ်သည်။
လက်ရှိ ထိုင်းလိဂ် -၂ ပြိုင်ပွဲ၊ ပွဲစဉ်(၃၁) အပြီးတွင် နောင်ဘူရာအသင်းက ရမှတ်(၆၉) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှဦးဆောင်နေပြီး နာခွန်ဆီအသင်းက ရမှတ်(၅၆) မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၃) နေရာတွင် ရပ်တည်နေ သည်။
ယခုရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲမှာ ပွဲစဉ်နှစ်ပွဲ ဆက်လက်ကျင်းပရန်ကျန်ရှိနေသေးသော်လည်း အောင်ကောင်းမာန်၏ နာခွန်ရတ်ချာစီမာအသင်းသည် အဆင့်(၃) နေရာမှ နာခွန်ဆီအသင်းကို ရမှတ်(၁၀) မှတ်အထိဖြတ်ထားနိုင်နေသောကြောင့် ပွဲစဉ်မကုန်မီ တန်းတက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group