
မိုင်ယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် အီတလီလူငယ်ကစားသမား ယန်နစ်ဆင်နာ ပထမဆုံးအကြိမ် အနိုင်ရဗိုလ်စွဲပြီး ကစားသမားဘဝ အမြင့်ဆုံးရပ်တည်မှုအဖြစ် ကမ္ဘာ့အဆင့် (၂) နေရာ ရောက်ရှိလာကြောင်း သိရသည်။
အသက် (၂၂) နှစ်သာရှိသေးသူ ဆင်နာသည် ယခုပြိုင်ပွဲတွင် ဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ရပြီး ပြိုင်ပွဲတစ်လျှောက်လုံး Set ပွဲစဉ်တစ်ပွဲသာ ရှုံးနိမ့်ကာ ကျန်ပွဲများအားလုံး နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။
၎င်းအနေဖြင့် ဆီမီးဖိုင်နယ်တွင် လက်ရှိချန်ပီယံ ရုရှားကစားသမား မက်ဗီဒက်ဗ်ကို ၆-၁၊ ၆-၂ ဖြင့် နှစ်ပွဲပြတ်အနိုင်ရပြီး ပြီးခဲ့သည့်နှစ် ဗိုလ်လုပွဲရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့သည်။
ဗိုလ်လုပွဲတွင် ဆင်နာ(ဆီ ဒင် ၂)နှင့် ဘူလ်ဂေးရီးယားကစားသမား ဒီမီထရော့ဗ် (ဆီဒင် ၁၁) တွေ့ဆုံခဲ့ပြီး ဆင်နာကပင် ၆-၃၊ ၆-၁ ဖြင့် နှစ်ပွဲပြတ် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဆင်နာသည် မိုင်ယာမီအိုးပင်း ဗိုလ်လုပွဲသို့ တတိယအကြိမ် (၂၀၂၁၊ ၂၀၂၃၊ ၂၀၂၄) တက်ရောက်နိုင်ခြင်းဖြစ်ပြီး ချန်ပီယံဆုကိုမူ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့သည်။
ယခုပြိုင်ပွဲမှာ ဆင်နာအတွက် မာစတာ ၁၀၀၀ စီးရီးပွဲစဉ်များတွင် ဒုတိယမြောက်နှင့် ATP Tour ပွဲစဉ်များတွင် (၁၃) ကြိမ်မြောက် ရယူနိုင်သည့် ချန်ပီယံအောင်မြင်မှုဖြစ်သည်။
ဆင်နာအနေဖြင့် ယခုနှစ်အတွင်း ဗိုလ်လုပွဲတက်ရောက်သည့် ပြိုင်ပွဲသုံးပွဲစလုံး (သြစတြေးလျအိုးပင်း၊ ရော့တာဒမ်အိုးပင်း၊ မိုင်ယာမီ အိုးပင်း) ချန်ပီယံဆုရရှိထားပြီး ရမှတ်နှင့် ဆုကြေးအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။
ထို့ပြင် ယခုနှစ်တွင် ဗိုလ်စွဲခဲ့သောကြောင့် ကမ္ဘာ့အဆင့် (၂)နေရာသို့ မြင့်တက်လာပြီး ATP ကမ္ဘာ့အဆင့်သတ်မှတ်ချက်ထုတ်ပြန်သည့် ၁၉၇၃ ခုနှစ်မှစ၍ ထိပ်ဆုံးနှစ်နေရာတွင် ရပ်တည်နိုင်သည့် ပထမဆုံးအီတလီကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ ပြီဖြစ်သည်။
ထို့ပြင် အီတလီတင်းနစ်ကစားသမားများထဲတွင် အသက်အငယ်ဆုံး ဂရင်းစလင်းတင်းနစ်ချန်ပီယံဖြစ်ခဲ့သလို၊ အသက်အငယ်ဆုံး ကမ္ဘာ့အဆင့် (၂) နေရာသို့ ရောက်ရှိသူအဖြစ်လည်း ရပ်တည်ခဲ့သည်။
အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုတွင် အမေရိကန်နိုင်ငံသူ ဒန်နီယဲလ်ကောလင်း (ဆီဒင်မဲ့)က ကာဇက်စတန်နိုင်ငံသူ ရီဘက်ကီနာ (ဆီဒင် ၄) ကို ၇-၅၊ ၆-၃ ဖြင့် အနိုင်ရပြီး WTA ၁၀၀၀ ပွဲစဉ်များတွင် ပထမဆုံးချန်ပီယံဆု ရရှိခဲ့သည်။