
ဥရောပထိပ်သီးလိဂ်ငါးခုပြင်ပ လိဂ်ပေါင်း ၆၆ ခုရှိ ခန့်မှန်းပြောင်း ရွှေ့ကြေးတန်ဖိုး အမြင့်ဆုံးကစား သမား ၁၀ ဦးစာရင်းကို CIES က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
CIES Football Observatory သည် လွတ်လပ်သော သုတေ သနနှင့် ပညာရေးအဖွဲ့အစည်းဖြစ် ပြီး ဘောလုံးနှင့်ပတ်သက်သည့် အချက်အလက်မှတ်တမ်းများကို ထုတ်ပြန်ပေးလျက်ရှိသည်။ ၎င်းတို့ အနေဖြင့် ကမ္ဘာတစ်ဝန်း ခန့်မှန်းပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံး ကစားသမားစာရင်းကို ပုံမှန်ထုတ် ပြန်လေ့ရှိသော်လည်း ယခုအခါ ဥရောပထိပ်သီးလိဂ်ငါးခုပြင်ပလိဂ် ပေါင်း ၆၆ ခုရှိ ခန့်မှန်းပြောင်းရွှေ့ ကြေးတန်ဖိုး အမြင့်ဆုံးကစားသမား ၁၀ ဦးစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
CIES ၏ စာရင်းအရ ဘင်ဖီကာအသင်း ခံစစ်အတွင်းလူ အန်တိုနီယိုဆေးလ်ဗားက ခန့်မှန်းပြောင်း ရွှေ့ကြေး ယူရို ၁၁၄ ဒသမ ၇ သန်း ဖြင့် ယခုစာရင်းတွင် ထိပ်ဆုံးနေရာ ရပ်တည်လျက်ရှိကြောင်း သိရသည်။ အသက် ၂၀ သာရှိသေးသည့် အန်တိုနီယိုဆေးလ်ဗားသည် ဘင်ဖီကာအသင်း၏ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး စီနီယာအသင်းအတွက် ပြိုင်ပွဲစုံ ၈၅ ပွဲကစား၊ ခုနစ်ဂိုးသွင်းယူပေးထားသလို ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း ရှစ်ပွဲ ကစားခွင့်ရထားသည်။
အန်တိုနီယိုဆေးလ်ဗား၏ ဘင်ဖီကာအသင်းဖော် ကွင်းလယ်လူ ယာအိုနေးဗက်စ်က ယူရို ၉၅ ဒသမ ၅ သန်းဖြင့် ဒုတိယနေရာ ရပ်တည်နေသည်။ အသက် ၁၉ နှစ်သာရှိသေးသူ ယာအိုနေးဗက်စ်မှာလည်း ဘင်ဖီကာအကယ်ဒမီထွက် ကစားသမားဖြစ်ပြီး စီနီယာအသင်းအတွက် ပြိုင် ပွဲစုံ ၆၅ ပွဲကစား၊ သုံးဂိုးသွင်းယူပေးထားသလို ပေါ်တူဂီလက်ရွေးစင် အသင်းအတွက်လည်း လေးပွဲကစား ခွင့်ရထားသည်။ ထို့နောက် စပို့တင်းလစ္စဘွန်းအသင်း ခံစစ်အတွင်းလူ ဂွန်ကာလိုအင်နာစီယိုက ယူရို ၈၇ ဒသမ ၄ သန်းဖြင့် တတိယနေရာ ရပ်တည်လျက်ရှိသည်။
၎င်းတို့၏နောက်တွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့မည့် ဘရာဇီးလ်ကြယ်ပွင့်ကစားသမား အန်ဒရစ်က ယူရို ၈၀ ဒသမ ၅ သန်း ဖြင့် ရပ်တည်နေသည်။ ပါလ်မီးရပ်စ် အသင်းတိုက်စစ်မှူး အန်ဒရစ်သည် အသက် ၁၈ နှစ်ပြည့်မည့်လာမည့် ဇူလိုင်တွင် ရီးယဲလ်အသင်းသို့ ပြောင်း ရွှေ့ကြေး ယူရိုသန်း ၆၀၊ Add-ons ကြေး ယူရို ၁၂ သန်းဖြင့် ပြောင်းရွှေ့ မည်ဖြစ်သည်။ ၎င်းသည် မတ်လ နိုင်ငံတကာရက်သတ္တပတ်အတွင်း အင်္ဂလန်၊ စပိန်အသင်းတို့နှင့် ခြေစမ်းပွဲတွင် ဘရာဇီးလ်အသင်းအတွက် တစ်ဂိုးစီ သွင်းယူပေးနိုင်ခဲ့သည်။
ထို့ပြင် စပို့တင်းလစ္စဘွန်း အသင်း၏ အိုင်ဗရီကို့စ်ခံစစ်အတွင်းလူ အူစမာနီဒီယိုမန်ဒီ (၂၀ နှစ်) က ယူရို ၇၈ ဒသမ ၄ သန်း၊ အေဂျက်စ် အသင်း၏ နယ်သာလန်ခံစစ်အတွင်းလူ ယော်ရယ်ဟာတို (၁၈ နှစ်) က ယူရို ၇၈ ဒသမ ၁ သန်း၊ ဘင်ဖီကာ အသင်း၏ ယူကရိန်းဂိုးသမား အန်နာတိုလီထရူဘင် (၂၂ နှစ်) က ယူရို ၇၂ ဒသမ ၈ သန်း၊ ပေါ်တိုအသင်း၏ ပေါ်တူဂီဂိုးသမား ဒီယိုဂိုကော်စတာ (၂၄ နှစ်) က ယူရို ၇၁ ဒသမ ၅ သန်း၊ အေဂျက်စ်အသင်း၏ နယ်သာလန် တိုက်စစ်မှူး ဘရိုင်ယန်ဘော့ဘီ (၂၂ နှစ်) ယူရို ၆၉ ဒသမ ၈ သန်း၊ အေဂျက်စ်အသင်း၏ နယ်သာလန်ကွင်း လယ်ခံစစ်ကစားသမား ကန်းနက်တေလာ (၂၁ နှစ်) က ယူရို ၆၆ ဒသမ ၄ သန်းဖြင့် အစဉ်လိုက်ရပ်တည်နေကြောင်း သိရသည်။