Eleven Media Group

ကစားသမားဘဝမှ အနားယူရန် နီးကပ်လာပြီဖြစ်ကြောင်း NBA အကျော်အမော် လီဘရွန်ဂျိမ်းစ် ဖွင့်ဟ

Photo: AFP

NBA နာမည်ကြီးဘက်စကတ်ဘောသမား လီဘရွန်ဂျိမ်းစ်က ၎င်းအနေဖြင့် ကစားသမားဘဝမှ အနားယူရန် တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

LA Lakers အသင်းမှ လီဘရွန်ဂျိမ်းစ် သည် ဘရွတ်ကလင်းနက်စ်အသင်းအား (၁၁၆-၁၀၄)မှတ်ဖြင့် အနိုင်ယူခဲ့သည့်ပွဲတွင် အသင်းအတွက် ရမှတ်ပေါင်း ၄၀ မှတ်အထိ ရယူပေးပြီးနောက် ယင်းကဲ့သို့ ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။

"သိပ်မကြာတော့ပါဘူး။ နောက်ထပ်လည်း ၂၁ နှစ်ကြာအောင် ကျွန်တော် မကစားတော့ပါဘူး။ ဒါက ဖြစ်လာမှာ အသေအချာပါပဲ။ ဘယ်အချိန်မှာ တံခါးပိတ်ရမယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အချိန်များများစားစား မကျန်တော့ပါဘူး"ဟု လီဘ ရွန်ဂျိမ်းစ်က ပွဲအပြီးတွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

အသက် ၃၉ နှစ်ရှိပြီ ဖြစ်သည့် လီဘရွန်ဂျိမ်းစ်က ၂၀၀၃ ခုနှစ်က တည်းက NBA ပြိုင်ပွဲတွင် စတင်ကစားခဲ့ခြင်း ဖြစ်ပြီး ဘရွတ်ကလင်းနက်စ်အသင်းအား အနိုင်ရသည့်ပွဲတွင် Three Pointers ကိုးကြိမ် ရယူခဲ့ကာ သူ၏ကစားသမားသက်တမ်းတစ်လျှောက် ပွဲတစ်ပွဲအတွင်း အများဆုံးစံချိန်ကို ထပ်မံလိုက်မီခဲ့သည်။

လီဘရွန်ဂျိမ်းစ်အနေဖြင့် ယခုပွဲမှာ ကစားသမားဘဝ ၁၄၈၅ ပွဲ မြောက်ဖြစ်ပြီး ယခုရာသီတွင် ပွဲစဉ်တစ်ပွဲအတွင်း ရမှတ် ၄၀ အထိ ရယူနိုင်မှုမှာ တတိယအကြိမ်မြောက်ဖြစ်ကာ နောက်ဆုံးမှာ ပြီးခဲ့သည့် မတ်လ ၁၆ ရက်က ဂိုးလ်ဒင်းစတိတ်ဝါရီယာစ်အသင်းအား အရေးနိမ့်ခဲ့သည့်ပွဲတွင် ရရှိထားခြင်းလည်း ဖြစ်သည်။

LA Lakers အသင်းသည် ယင်းပွဲပြီးကတည်းက ကစားခဲ့သည့် အမှတ်ပေးပွဲစဉ် ခြောက်ပွဲတွင် ငါးပွဲ အထိ အနိုင်ရခဲ့ပြီး အနောက်ပိုင်းဇုန်တွင် အဆင့် ကိုးနေရာ ရပ်တည်နေကာ NBA ပြိုင်ပွဲ Play-0ffs ယှဉ်ပြိုင်ခွင့်အတွက် လက်ကျန်ပွဲများတွင် အမှားမရှိအောင် ကစားသွားရမည် ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group