
ဒန်နီမာဖီက အာဆင်နယ်ဟာ လီဗာပူး နဲ့ မန်စီးတီး တို့ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ မမြင်မိဘူးလို့ ဆိုလိုက်ပြီး ဂန်းနားတို့ ခြေချော်သွားနိုင်တဲ့ ပွဲစဉ် ၃ ပွဲကို ပြောပြလိုက်ပါတယ်။ အာဆင်နယ် လီဗာပူး နဲ့ မန်စီးတီးတို့ကြားမှာ ရမှတ် ကွာဟမှု ၂ မှတ်သာ ရှိနေပြီး အင်္ဂလန် ကွင်းလယ်လူဟောင်း မာဖီက မန်စီးတီး နဲ့ လီဗာပူး တို့ရဲ့ လက်ကျန်ပွဲစဉ်တွေဟာ အာဆင်နယ်ထက် ပိုချောင်တယ်လို့ ယုံကြည်နေပါတယ်။
အာဆင်နယ်ဟာ မနေ့ညက လူတန်ကို အနိုင်ရခဲ့သလို မန်စီးတီးကလည်း ဗီလာကို အီတီဟတ်မှာ အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးကတော့ ယနေ့မှာ ရှက်ဖီးနဲ့ ကစားရမှာ ဖြစ်ပြီး အနိုင်ရဖို့ အခြေအနေက ပိုများပါတယ်။ မာဖီက title race ဟာ တကယ့်ကို အဆုံးအဖြတ်ပေးနိုင်မယ့် ကာလကို ရောက်နေပြီလို့ ပြောလိုက်ပြီး အာဆင်နယ်ကို ခြေချော်သွားစေနိုင်မယ့် ပွဲစဉ် ၃ ပွဲကို ပြောပြသွားခဲ့ပါတယ်။

မာဖီက “ပရီးမီးယားလိဂ် title race မှာ ကျနော်တို့ လိုချင်တာ ဒါမျိုး ဖြစ်ပါတယ်။ ခင်ဗျားဟာ မန်စီးတီးဖန် မဟုတ်ဘူးဆိုရင်တော့ လီဗာပူး ဒါမှမဟုတ် အာဆင်နယ် တစ်သင်းသင်းကို ဗိုလ်စွဲစေချင်မှာပါ။ ကျနော်ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ကို ဗိုလ်စွဲစေချင်ခဲ့ပါတယ်။ ကျနော် မန်စီးတီးကို မကြိုက်လိုတော့ မဟုတ်ပါဘူး။ သူတို့ကို နှစ်သက်ပါတယ်။ စီးတီးဟာ အရမ်းကို ထူးချွန်တဲ့ မန်နေဂျာကို ပိ်ုင်ဆိုင်ထားတဲ့ အကောင်းဆုံး အသင်းပါ။ ဒါပေမယ့် ကျနော်တို့ ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှုကို လိုအပ်ပါတယ်။ အခုကတော့ တကယ့် အဆုံးအဖြတ် ကာလကို ရောက်နေပါပြီ။
ကျနော်ကတော့ အာဆင်နယ်တို့ ဗိုလ်စွဲလိမ့်မယ်လို့ မထင်မိပါဘူး။ သူတို့ရဲ့ ပွဲစဉ်ဇယားကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ တော့တင်ဟမ် အိုးထရပ်ဖို့ဒ် နဲ့ ဘရိုက်တန် ကွင်းတွေမှာ သွားကစားရမှာပါ။ ဒါတွေဟာ ခက်ခဲတဲ့ အဝေးကွင်းပွဲတွေပါ။ သူတို့ ဒီပွဲတွေကို မဖြစ်မနေ နိုင်ဖို့ လိုအပ်ပါတယ်။ လီဗာပူး နဲ့ စီးတီး တို့ရဲ့ လက်ကျန်ပွဲစဉ်ဇယား ကတော့ ပိုမို လွယ်ကူပါတယ်။ လီဗာပူးဟာ တကယ့်ကို ကောင်းမွန်တဲ့ ပွဲဉ်ဇယားကို ရထားပါတယ်။ စပါးနဲ့ ပွဲတစ်ပွဲသာ ကျနော့်ကို စိတ်ပူစေတာပါ။ မန်စီးတီးလည်း ပွဲစဉ်ဇယားက ချောင်နေပါတယ်။

လီဗာပူး အတွက် အကောင်းဆုံး အရာကတော့ အက်ဖ်အေဖလား ကနေ ထွက်ခွာရတာလို့ ကျနော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရှုံးပွဲဟာ သူတို့ကို ကောင်းမွန်တဲ့ သတိပေးမှု ဖြစ်စေပါတယ်။ ယူနိုက်တက်နဲ့ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါ လီဗာပူးတို့ ထပ်ပြီး အမှား လုပ်လိမ့်မယ်လို့ ကျနော် မမြင်မိပါဘူး။ သူတို့ဟာ ယူနိုက်တက် အတွက် ကောင်းလွန်းနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။