Sports Myanmar

လူတန်တောင်း နဲ့ ပွဲမှာ Man of the Match ရခဲ့တဲ့ စမစ်ရိုကို ချီးကျုး စကားဆိုလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ ဒီနေ့ မနက်မှာ ကစားခဲ့တဲ့ လူတန်တောင်း အသင်း နဲ့ ပွဲမှာ အဓိက ကစားသမား အချို့ကို အနား ပေးခဲ့ပြီး ပွဲထွက် ကစားခွင့် မရတာ ကြာပြီ ဖြစ်တဲ့ နယ်လ်ဆင် ၊ စမစ်ရို ၊ ပါတေး တို့ကို ပွဲထွက် ကစား စေခဲ့ပါတယ် ။

အာတီတာ ပွဲထုတ်ခဲ့တဲ့ ကစားသမား ၃ ဦးမှာ စမစ်ရို ဟာ အာဆင်နယ် အသင်း ရရှိခဲ့တဲ့ သွင်းဂိုး ၂ ဂိုးစလုံးမှာ အဓိက ကျခဲ့ပြီး အော်ဒီဂတ် ရဲ့ သွင်းဂိုးမှာ ဘောလုံးကို ကြားဖြတ် ရယူ ခဲ့သလို ဒုတိယ သွင်းဂိုး ဖြစ်တဲ့ ပြိုင်ဘက် ရဲ့ Own goal ကလည်း သူ့ရဲ့ ဖြတ်တင် ပေးပို့မှုကနေ ရရှိ ခဲ့တာပါ ။

စမစ်ရို ဟာ အာဆင်နယ် အတွက် ပွဲချိန် ၈၅ မိနစ် အထိ ကစားခဲ့ပြီး ပွဲအပြီးမှာ အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ပါတယ် ။ အာဆင်နယ် နည်းပြ အာတီတာက ပွဲအပြီး အင်တာဗျုးမှာ စမစ်ရို ရဲ့ ခြေစွမ်း နဲ့ ပတ်သက်ပြီး ” သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် ကျနော် အားရ ကျေနပ်ပါတယ် ။ သူ လေ့ကျင့်ရေး အစီအစဉ်မှာ ကောင်းကောင်း လုပ်ပြ နိုင်ခဲ့သလို ဒီပွဲက သူ့အတွက် သင့်တော်တဲ့ ပွဲတစ်ပွဲလို့ ခံစားရတာကြောင့် ထုတ်သုံး ခဲ့တာပါ ။ ”

” သူ့ကို ကစားသမား တစ်ဦး အနေနဲ့ ကျနော် ချစ်ပါတယ် ။ သူ့ရဲ့ ရွေ့လျား ကစား ပုံ ၊ ဦးတည်ချက် ပြောင်းလဲ ကစားပုံတွေက ကြည့်ရတာ စိတ်ချမ်းသာ စရာပါပဲ ၊ ဘောလုံး မရှိတဲ့ အချိန်မှာဆို သူ့ရဲ့ ကြံ့ခိုင်မှု က အားရစရာပါပဲ ၊ သူ့ကို ရပ်တန့်ဖို့ ဆိုတာ တကယ့်ကို ခက်ခဲ ခဲ့ပါတယ် ။ အသင်း အနိုင်ရအောင် သူ အများကြီး ကူညီ ပေးခဲ့ပါတယ် ။ ”

” လူစားဝင် ရောက်လာတဲ့ ကစားသမားတွေ နဲ့ ပတ်သက်ပြီး လည်း အားရ ကျေနပ်မိပါတယ် ။ ဒီလ က တကယ့်ကို ပွဲများတဲ့ လတစ်လ ဆိုတော့ အားလုံးကို လိုအပ်ပါတယ် ၊ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာ ကျနော်တို့ အကောင်းဆုံး ပြန်လည် စတင် နိုင်ခဲ့ပြီး နောက်တစ်ပွဲကတော့ ဘရိုက်တန် နဲ့ပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar