
စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ဥက္ကဋ္ဌဟောင်းဖြစ်သူ ရူဘီယာလက်စ်သည် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှု စုံစမ်းစစ်ဆေးမှုများအတွက် မက်ဒရစ်မြို့အရောက်တွင် စပိန်ရဲများ၏ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရကြောင်း သိရသည်။
ရူဘီယာလက်စ်သည် ဧပြီလ (၄) ရက်တွင် ဒိုမီနီကန်နိုင်ငံမှ စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ရောက်ရှိလာပြီးနောက် ဒေသစံတော်ချိန် နံနက် (၁၁) နာရီတွင် မက်ဒရစ်လေဆိပ်တွင် စပိန်ရဲများ၏ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရခြင်း ဖြစ်သည်။
ယင်းနောက် ၎င်းကို စပိန်အစိုးရရှေ့နေများက စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ဒေသစံတော်ချိန် နေ့လယ် (၁)နာရီတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
ရူဘီယာလက်စ်သည် စပိန်စူပါဖလားပြိုင်ပွဲအား ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပရန် စီစဉ်ခဲ့ခြင်းအတွက် ဆော်ဒီအစိုးရထံမှ လာဘ်ငွေများစွာ လက်ခံရရှိခဲ့ကြောင်း စွပ်စွဲခံထားရသည်။
စပိန်အစိုးရရှေ့နေများက ယင်းလုပ်ရပ်များအတွက် ရူဘီယာလက်စ်အား ထောင်ဒဏ်ချမှတ်နိုင်ရန် ကြိုးပမ်းနေကြကြောင်း သိရှိရသည်။
ရူဘီယာလက်စ်ကမူ ယခုစွပ်စွဲချက်များကို ငြင်းဆန်ထားပြီး ၎င်းအနေဖြင့် အမှားကျူးလွန်ခဲ့ခြင်းမရှိကြောင်း ပြောကြားထားသည်။
စပိန်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လ (၂၀) ရက်နေ့က အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန်အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ရုံးချုပ်၊ RFEF ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ်၏ နေအိမ်အပါအဝင် နေရာ (၁၁) ခုကို ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရူဘီယာလက်စ်သည် စပိန်ရဲတပ်ဖွဲ့က ၎င်း၏နေအိမ်ကိုဝင်ရောက်ရှာဖွေချိန်တွင် ဒိုမီနီကန်နိုင်ငံသို့ ရောက်ရှိနေသည်။
ရူဘီယာလက်စ်က ဒိုမီနီကန်နိုင်ငံသို့သွားရောက်ခဲ့ခြင်းမှာ စီးပွားရေးလုပ်ငန်းများအတွက်ဖြစ်ကြောင်း ဖြေရှင်းထားသည်။
ရူဘီယာလက်စ်အနေဖြင့် ယခုအဂတိလို်က်စားမှုအပြင် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးတွင် ကမ္ဘာ့ဖလားချန်ပီယံ စပိန်အမျိုးသမီးလက်ရွေးစင်အသင်းမှ ဟာမိုဆိုကို နှုတ်ခမ်းချင်း နမ်းခဲ့သည့်အတွက် အမှုရင်ဆိုင်နေရသည်။
ဟာမိုဆိုနှင့် စပိန်အမျိုးသမီးလက်ရွေးစင်ကစားသမားများက ရူဘီယာလက်စ်၏လုပ်ရပ်မှာ အမျိုးသမီးတစ်ဦး၏ဂုဏ်သိက္ခာကို ထိပါးစေခဲ့ကြောင်း ဆိုခဲ့သည်။
ရူဘီယာလက်စ်သည် ယင်းလုပ်ရပ်ကြောင့် RFEF ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့ရသည်။