Sports Myanmar

ပိုချက်တီနိုဟာ ချဲလ်ဆီး စတား တဦးကို လွဲမှားနေတဲ့ နေရာမှာ သုံးနေတယ်လို့ ဖွင့်ဟလာတဲ့ ဂါးလက်စ်

 

ချဲလ်ဆီး အသင်းဟာ ယခုနှစ် ရာသီ အတွင်း ဒဏ်ရာ ပြဿနာ မျိုးစုံနဲ့ ရင်ဆိုင်ထားရပြီး ၊ ဒီအတွက်ကြောင့် နည်းပြ ဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုဟာ နည်းစနစ် အပြောင်းအလဲတွေကို ပွဲတော်တော်များများ လုပ်ခဲ့ရပေမယ့် ၊ ကွင်းလယ် ၃နေရာကိုတော့ တော်ရုံတန်ရုံ မပြောင်းပစ်ခဲ့ပါဘူး ။

လက်ရှိ ချဲလ်ဆီး ကွင်းလယ်က ကော်နာ ဂေါ်လဂါ ၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ မွိုက်ဆက်စ် ကိုင်စီဒိုတို့ဟာ ဒီရာသီ အတွင်း ဒဏ်ရာ ပြဿနာ ကြုံခဲပြီး ၊ ၄င်းတို့ကိုလည်း ပိုချက်တီနိုက သုံးမြဲပုံစံအတိုင်းသာ သုံးနေဆဲ ဖြစ်ပါတယ် ။ အထူးသဖြင့် ဂေါ်လဂါဟာ တိုက်စစ် ပိုပြီး လိုက်ပါရတဲ့ ကွင်းလယ်ဖန်တီးရှင် ပုံစံမျိုးနဲ့သာ ပွဲတော်တော်များများ ကစားထားရပါတယ် ။

ချဲလ်ဆီး ၊ အာဆင်နယ်နဲ့ တော့တင်ဟမ် နောက်ခံလူဟောင်း ဝီလီယမ် ဂါးလက်စ်ကတော့ ဂေါ်လဂါဟာ ကွင်းလယ်ဖန်တီးရှင် မဟုတ်တာကြောင့် ၄င်းကို ပိုချက်တီနို လက်ရှိ အသုံးပြုနေတဲ့ နေရာက လွဲမှားနေကြောင်း ထောက်ပြရင်း ၊ ချဲလ်ဆီး ကွင်းလယ် အတွဲအဖက်ကလည်း တဦးနဲ့ တဦး လိုက်ဖက်မှု မရှိနေကြောင်း ဝေဖန်သွားပါတယ် ။

Gambling Zone နဲ့ တွေ့ဆုံရာမှာ ဂါးလက်စ် က ” ဂေါ်လဂါဟာ မတူညီတဲ့ အရည်အသွေးကောင်းတွေကို ပိုင်ဆိုင်ထားပါတယ် ။ နောက်ပြီး ခင်ဗျားဟာ သူ့ဘေးပတ်လည်မှာ ခြားနားမှု ဖြစ်စေနိုင်တဲ့ ကစားသမားတွေကို ထည့်ထားဖို့ လိုပါမယ် ။ သူဟာ Playmaker ကစားသမား မဟုတ်ပါဘူး ။ သူဟာ ဘောလုံး လုယူပေးနိုင်တဲ့ ကွင်းလယ်လူ တဦးပါ ။ ”

” ကြံ့ခိုင်မှု ရှုထောင့်အရ သူဟာ ပြေးလွှားကစားတာတွေနဲ့ pressing များများ လုပ်ပေးနိုင်ပါတယ် ။ ဒါကြောင့် ခင်ဗျားဟာ သူ့အနားမှာ မတူညီတဲ့ အရည်အသွေးတွေ ရှိတဲ့ ကစားသမားတွေ လိုအပ်ပါတယ် ။ ခံစစ်ကနေ တိုက်စစ်ကို ခပ်မြန်မြန် ဘောလုံး ပို့ပေးနိုင်မယ့် ၊ ဂိုးဖန်တီးမှု များများလုပ်ပေးနိုင်မယ့် Playmaker ကစားသမားမျိုးပေါ့ ။ ”

” ဂေါ်လဂါဟာ ဒီလိုပုံစံမျိုး မစွမ်းဆောင်ပေးပါဘူး ။ ဒါကြောင့် ချဲလ်ဆီးမှာ သူ အခု ကစားနေတဲ့ နေရာနဲ့ လိုက်ဖက်မှု မရှိနေရတာပါ ။ ကွင်းလယ်လူ ၃ဦး ဖြစ်တဲ့ ဂေါ်လဂါ ၊ ကိုင်စီဒိုနဲ့ အန်ဇိုတို့ဟာ တယောက်ကို တယောက် ပနံသင့်တဲ့ပုံ မပေါ်နေပါဘူး ။ ဒါက ပြဿနာ တခုပါပဲ ။ ”

” ဒါက ကလပ်ဘုတ်အဖွဲ့မှာ ဘာဘောလုံးအမြင်မှ မရှိနေဘူး ဆိုတာကို မီးမောင်းထိုးပြနေပြီး ၊ သူတို့ဟာ လူလိုတာကြောင့် ကစားသမားတွေကို ခေါ်နေသလို ဖြစ်နေပါတယ် ။ ခင်ဗျားဟာ ကစားသမားတွေကို ဒီလိုပုံစံမျိုးနဲ့ ဝယ်လို့ မရပါဘူး ။ ”

” ကစားသမား တယောက် ဝယ်ယူတဲ့အခါ ခင်ဗျားဟာ သူ ဒီအသင်းမှာ အံဝင်နိုင်မလား ၊ ဒီက ရှိပြီးသား ကစားသမားတွေနဲ့ လိုက်ဖက်မှု ရှိရဲ့လား ဆိုတာ သေချာ ဆန်းစစ်ပြီးမှ ဝယ်ယူရတာပါ ။ ဒီပြဿနာက ဘုတ်အဖွဲ့ဟာ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်လာရင် ဘာဗျူဟာမှ မရှိဘူး ဆိုတာကို ထောက်ပြနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဂါးလက်စ် က ပြီးခဲ့တဲ့ စနေနေ့က ပရီးမီးယားလိဂ်ပွဲမှာ တယောက်လျော့ ဘန်လေကို ဆိုးရွားတဲ့ ခြေစွမ်းနဲ့ ချဲလ်ဆီးတို့ သရေကျခဲ့တဲ့ အပေါ် ” ဘန်လေနဲ့ ပွဲက ချဲလ်ဆီးကို ကြည့်လိုက်ရတာ အတော်လေး အကျည်းတန်စရာ ကောင်းခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ကစားသမားဟောင်း တယောက် အနေနဲ့ ကိုယ့်အသင်းဟောင်းကို ဒီလို ပုံစံမျိုးနဲ့ မြင်ရတာက အရမ်း ခက်ခဲလို့ပါ ။ ”

” ဒါက ပိုးစိုးပက်စက် စိတ်ပျက်စရာကောင်းတဲ့ စွမ်းဆောင်ရည်ပါပဲ ။ ဒီချဲလ်ဆီးဟာ ဒီပုံစံအတိုင်းဆို ဘယ်ခရီးမှ ပေါက်မယ့်ပုံ မပေါ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar