
မန်စီးတီးအသင်းမှ ပေါ်တူဂီတိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားသည် လာမည့်နွေရာသီတွင် ပေါင်သန်း(၅၀)ဖြင့် ထွက်ခွာခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ဘာနာဒိုဆေးလ်ဗား(၂၉ နှစ်)သည် မန်စီးတီးအသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသော်လည်း အသင်းပြောင်းရွှေ့ဖွယ်ရှိသည့်သတင်းများ မကြာခဏ ထွက်ပေါ်ခဲ့သူဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့်နွေရာသီတွင် မန်စီးတီးအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိသည့် စာချုပ်သစ်ချုပ်ဆိုခဲ့သော်လည်း အဆိုပါစာချုပ်၌ ပေါင်သန်း(၅၀)တန် လျော်ကြေးစာချုပ် ပါဝင်နေပြီး ယင်းလျော်ကြေးစာချုပ်မှာ လာမည့်နွေရာသီတွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူလိုသော အသင်းများအနေဖြင့် လာမည့်နွေရာသီတွင် ပေါင်သန်း(၅၀)သာ အသုံးပြုရမည်ဖြစ်သည်။
ဘာနာဒိုဆေးလ်ဗားသည် မန်စီးတီးအသင်းနှင့် သက်တမ်းတိုးစာချုပ် မချုပ်ဆိုမီက ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်ဟု သတင်းထွက်ခဲ့ဖူးသူဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ၎င်းကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။