
ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပွဲပြီးခါနီး နာကျင်အချိန်ပို ၂မိနစ် အလို အထိ ၂ – ၃ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် ၊ ကိုးလ်ပါလ်မာကြောင့် အံ့အားသင့်ဖွယ် ၄ – ၃ ရလဒ်နဲ့ အနိုင် ၃မှတ် ရှာဖွေသွားနိုင်ခဲ့ပါတယ် ။
ပါလ်မာရဲ့ နာကျင်အချိန်ပို ၁၁မိနစ် အရောက် အသင်းဖော် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ အနီးကပ် ထောင့်ကန်ဘော ဖန်တီးမှုကနေ ဆွဲပြေးကာ ကန်သွင်းယူခဲ့တဲ့ အလုံး ၊ မန်ယူနိုက်တက် ကွင်းလယ်လူ မက်တော်မီနေးနဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားပြီးနောက် ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနို တယောက် ကွင်းဘေးစည်းမှာ အကြီးအကျယ် အောင်ပွဲခံခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ပိုချက်တီနိုက ပါလ်မာရဲ့ နောက်ကျ အနိုင်ဂိုး ရပြီးနောက် အိနြေ္ဒမဆယ်နိုင်ပဲ အောင်ပွဲခံခဲ့ခြင်း အပေါ် သူဟာ လူရွှင်တော် တဦး မဟုတ်ကြောင်း အခုလိုပဲ တုန့်ပြန် ချေပသွားပါတယ် ။
ပိုချက်တီနို က ” စိတ်ဆန္ဒပြင်းပြခြင်း ဆိုတာ ရူးသွပ်နေတဲ့ လူတယောက် ကွင်းဘေးစည်းမှာ စိတ်မနှံ့တဲ့ အရာတွေ ပြုမူနေတာမျိုး မဟုတ်ပါဘူး ။ ကျွန်တော် ဒီလိုမျိုး မဟုတ်ရပါဘူး ။ အသင်းဟာ စိတ်ဆန္ဒပြင်းပြမှုကို ပြသဖို့ လိုပါတယ် ။ အသင်းသား ၁၁ယောက်လုံးဟာ ကွင်းထဲမှာ ပြေးလွှားနေကြပြီး ၊ ဘောလုံး ပြန်လုယူနိုင်ဖို့ ၊ ဂိုးသွင်းနိုင်ဖို့ အသည်းအသန် ကြိုးစားနေခဲ့ကြတာပါ ။ ”
” ဒီလို စိတ်ဆန္ဒပြင်းပြမှုမျိုး ကျွန်တော်တို့ ပရိသတ်တွေ မြင်တွေ့ဖို့ လိုပါတယ် ။ ကျွန်တော်ဟာ တိကျသေချာဖို့ ၊ တည်ငြိမ်ဖို့ ၊ ပွဲအပေါ် ဆန်းစစ်သုံးသပ်ပြီး အာရုံစိုက်ဖို့ လိုပါတယ် ။ အဆုံးမှာတော့ ကျွန်တော် ဒီနေ့ ပြသခဲ့တဲ့ စိတ်ဆန္ဒပြင်းပြခြင်းမျိုး ထုတ်ပြသလို ဖြစ်သွားတတ်ပါတယ် ။ ”

” ကွင်းဘေးစည်းမှာ ဆပ်ကပ်က လူပြက် တယောက်လိုမျိုး ပြုမူနေတာမျိုး မဟုတ်ရပါဘူး ။ ကျွန်တော်တို့ဟာ ဥရောပရဲ့ အသက်အငယ်ဆုံး အသင်း တသင်း ဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ သူတို့ကို အရာရာ ကူညီပေးနိုင်ဖို့ အတွက် တည်ငြိမ်မှု ရှိရပါမယ် ။ ”
” ကျွန်တော် လူရွှင်တော် တယောက် မဟုတ်ပါဘူး ။ ကျွန်တော်ဟာ နည်းပြချုပ် တဦးပါ ။ တစုံတယောက်က လူရွှင်တော် အလိုရှိတယ်ဆိုရင် လူရွှင်တော်ကိုသာ သွားရှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ပိုချက်တီနိုက ၄င်းတို့ဟာ ဒီပွဲမှာ ပိုကောင်းတဲ့ အသင်း ဖြစ်တာကြောင့် ထိုက်တန်တဲ့ နိုင်ပွဲ ဖြစ်ကြောင်းလည်း မှတ်ချက်ပေးလာပါတယ် ။
ပိုချက်တီနို က ” ဒါက အံ့သြဖွယ်ပါပဲ ။ ဘာလို့လဲဆိုတော့ ခြုံပြောရရင် ကျွန်တော်တို့ဟာ ဒီနေ့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တယ်လို့ ထင်လို့ပါ ။ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး ၊ နောက်ဆုံးမိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့တာကလည်း မျှတမှု ရှိခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ဟာ ဖြေရှင်းရ မလွယ်ကူတဲ့ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲ တရပ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ၊ တိုက်စစ်ခံစစ် အပြောင်းအလဲမှာ ပြိုင်ဖက်ကို ဦးဆောင်ခွင့် ပေးခဲ့ရပါတယ် ။ ဟုတ်ပါတယ် ။ ဒီလို တန်ပြန်တိုက်စစ်ကနေ ဂိုးပေးခဲ့ရတဲ့ အပေါ် ကျွန်တော် စိတ်ပျက်မိပါတယ် ။ ”
” ဒါပေမယ့် အဆုံးမှာ ကစားသမားတွေနဲ့ ပရိသတ်တွေ အကြား ဒီလို နားလည်မှု တရပ် ဖန်တီးပြီး အဆုံးသတ်နိုင်ခဲ့တာက မျှတမှု ရှိခဲ့ပါတယ် ။ ဒါက ကောင်းတဲ့ အရာ တခု ဖြစ်ပြီး ၊ ပရိသတ်တွေဆီက ယုံကြည်မှုကို ရှာဖွေဖို့ အလှည့်အပြောင်း ကာလ တရပ် ဖြစ်သင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR