Eleven Media Group

လူငယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာကို လစာနှုန်းထားတိုးမြှင့်ပေး၍ စာချုပ်သစ်ပြင်ဆင်ချုပ်ဆိုရန် ချယ်လ်ဆီးအသင်း စီစဉ်နေ

Photo: X

ချယ်လ်ဆီးအသင်းသည် လူငယ်ကစားသမား ကိုးလ်ပါလ်မာကို လစာနှုန်းထား တိုးမြှင့်ပေး၍ စာချုပ်သစ်ပြင်ဆင်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
ကိုးလ်ပါလ်မာ(၂၁ နှစ်)သည် မန်စီးတီးလူငယ်အသင်းမှ ပေါ်ထွက်လာသည့် ကစားသမားဖြစ်ပြီး ပြီးခဲ့သည့်နွေရာသီကမှ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ကိုးလ်ပါလ်မာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)+ Add-ons ကြေး ပေါင်(၂.၅)သန်းဖြင့် ခေါ်ယူခဲ့ပြီး (၇)နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့သလို၊ နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်သည့် သဘောတူညီချက်လည်း ပါဝင်ခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယခုရာသီ၌ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရုန်းကန်ခဲ့ရသော်လည်း ကိုးလ်ပါလ်မာမှာမူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည်။
၎င်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်သာမက ပြိုင်ပွဲစုံတွင်ပါ ချယ်လ်ဆီးအသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။
ထို့ကြောင့် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက ၎င်းအား လစာတိုးမြှင့်ပေး၍ စာချုပ်သစ်ပြင်ဆင်ချုပ်ဆိုရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးလ်ပါလ်မာသည် လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်း၌ တစ်ပတ်လစာ ပေါင်(၈၀၀၀၀)သာ ရရှိနေသူဖြစ်ပြီး လစာနည်းပါးသည့် ကစားသမားစာရင်းတွင် ပါဝင်နေသည်။
ချယ်လ်ဆီးအသင်းတွင် လစာအများဆုံးရရှိနေသူမှာ တောင်ပံကစားသမား စတာလင်ဖြစ်ပြီး တစ်ပတ်လျှင် ပေါင်(၃)သိန်းကျော် ရရှိနေခြင်းဖြစ်သည်။
ထို့ပြင် အခြားသော လစာများပြားသည့် ကစားသမားအချို့မှာလည်း ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် ပရိသတ်အချို့က ပါလ်မာနှင့်နှိုင်းယှဉ်ကာ ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ယခုအခါ ပါလ်မာကို လစာပေါင်သိန်းဂဏန်း ပေးချေသွားမည်ဖြစ်ပြီး စာချုပ်သက်တမ်းကိုမူ တိုးမြှင့်ဖွယ်မရှိကြောင်း သိရသည်။
ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကမူ ပါလ်မာသည် အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနေသူ ဖြစ်သော်လည်း ၎င်းအားချုပ်ဆိုခဲ့သည့် စာချုပ်သက်တမ်းကို မိမိမသိရှိကြောင်းနှင့် စာချုပ်ကိစ္စမှာ အသင်းနှင့်သာ သက်ဆိုင်သည်ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group