
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းထဲ ချဲလ်ဆီး အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ် 31 ကစားခဲ့ရပြီး 4 – 3 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ် ။
ဒီပွဲစဥ်ရဲ့ မိနစ် 20 အတွင်း ချဲလ်ဆီး တို့ 2 ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမဲ့ ယူနိုက်တက်တို့ အကောင်းဆုံး ပြန်ပြီး တုန့်ပြန်နိုင်ခဲ့ကာ 2 – 2 ဆိုတဲ့ ရလဒ် ထွက်ပေါ်စေနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ဒုတိယပိုင်းမှာလည်း တစ်ဂိုး ထပ်မံ သွင်းယူခဲ့ကာ ပွဲစဥ်ကိုပါ ဦးဆောင်နိုင်ခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ အချိန်ပို 12 မိနစ် အတွင်း ချဲလ်ဆီး တို့ အကောင်းဆုံး တုန့်ပြန်မှုနဲ့ 2 ဂိုးသွင်းကာ အနိုင်ယူနိုင်ခဲ့ကြပါတယ် ။
အဆိုပါ ပွဲစဥ် အပြီးမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ဒါဟာ နိုင်သင့်တဲ့ပွဲ ဖြစ်ကြောင်း ၊ ဒီလိုအရှုံးက လက်သင့်ခံစရာ မရှိကြောင်း ပြောကြားရင် ဒီပွဲကနေ လေ့လာမှုတွေ ပြုလုပ်ဖို့ သတိပေးသွားခဲ့လိုက်ပါတယ် ။

” ဒါက အံ့ဖွယ် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ရပါတယ် ။ ဒီပွဲမှာ အရည်အသွေးတွေ အများကြီးပဲ မြင်တွေ့ခဲ့ရတယ်လေ ။ အသင်းက ပွဲစဥ်ကို လွှဲမိုးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ တစ်ဦးစီရဲ့ အမှားကြောင့် ပေးဆပ်ခဲ့လိုက်ရပါတယ် ”
” ကျွန်တော်တို့ ဒီပွဲကနေ လေ့လာသင်ယူမှုတွေ ပြုလုပ်ရပါ့မယ် ။ ခင်ဗျားဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဆိုရင် ဒါကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို ကောင်းကောင်း သိထားသင့်ပါတယ် ”

” ကျွန်တော့် အသင်းရဲ့ ကစားပုံကို ကြည့်ရှုပြီး ပျော်ရွှင် ကျေနပ်ခဲ့ရပါတယ် ။ သူတို့ရဲ့ ကစားပုံက ကောင်းခဲ့တယ်လေ ။ ကျွန်တော်တို့ ဘောလုံးကိုင် ကစားနိုင်ခဲ့သလို ပြိုင််ဖက်ကိုလည်း ဒုက္ခပေးနိုင်ခဲ့ပါတယ် ”
” ကျွန်တော်တို့ 5 ရက်အတွင်း 5 မှတ် ဆုံးရှုံးခဲ့ရပါတယ် ။ ဒါက လက်မခံနိုင်စရာပါပဲ ။ ကျွန်တော်တို့ ချန်ပီယံလိဂ် ကစားနိုင်ဖို့ဆိုရင် ဒီထက် ပိုပြီး အဆင့်အတန်းမြင့်မားစွာ ကစားပြနိုင်ဖို့ လိုအပ်လှပါတယ် ”

” ထိပ်သီး လေးသင်းစာရင်း ဝင်မလားတော့ ကျွန်တော် မပြောတတ်ပါဘူး ။ ကျွန်တော် Ranking တွေကို ပြန်ကြည့်ရပါဦးမယ် ။ အမှတ်တွေ စုဆောင်းရတာက ပိုပြီးခက်လာဖို့ ရှိနေပါတယ် ”
” ကျွန်တော်တို့ အခုလို ရလဒ်ထွက်နေတာ ဆုံးဖြတ်ချက်တွေ မှားနေတာက စိတ်ပျက်ဖို့ကောင်းပါတယ် ။ နိုင်သင့်တဲ့ ပွဲကို ကျွန်တော်တို့ ရှုံးခဲ့တာလေ ။ အသင်း တစ်သင်း အနေနဲ့ ဒါကို ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းနိုင်ရပါ့မယ် ” လို့ တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။
#SM