
၂၀၂၄ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်သို့ ရွှေ့ပြောင်းကျင်းပမည်ဖြစ်ကြောင်း အာဆီယံဒေသတွင်းသတင်းများက ဖော်ပြနေလျက်ရှိသည်။
သတင်းများ၏ ဖော်ပြမှုအရ အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ၏ ၂၀၂၄ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့်ပြိုင်ပွဲများတွင် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ပါဝင်မည်မဟုတ်ကြောင်းနှင့် ယင်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ်မှသာ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
သို့သော် ၂၀၂၄ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်သို့ ရွှေ့ပြောင်းကျင်းပမည် ့ သတင်းနှင့်ပတ်သက်၍ အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ကမူ တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ၏ ယခုနှစ် အစောပိုင်းက သတင်းထုတ်ပြန်မှုတွင် ၂၀၂၄ ခုနှစ်အတွင်း ပြိုင်ပွဲ(၈) ပွဲ ကျင်းပမည်ဖြစ်ကြောင်းနှင့် ယင်းပြိုင်ပွဲများတွင် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ပါဝင်နေလျက်ရှိကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ ခုနှစ်အတွင်း ASEAN Mitsubishi Electric Cup ပြိုင်ပွဲ(ယခင် အာဆီယံချန်ပီယံရှစ်)၊ ASEAN Women's Championship ပြိုင်ပွဲ(အာဆီယံအမျိုးသမီးချန်ပီယံရှစ်)၊ AFF U-23 Championship ပြိုင်ပွဲ (အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်)၊ ASEAN Club Championship ပြိုင်ပွဲ(အာဆီယံကလပ်ချန်ပီယံရှစ်)၊ AFF U-19 Championship ပြိုင်ပွဲ(အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်)၊ AFF U-16 Championship ပြိုင်ပွဲ (အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်)၊ AFF Futsal Championship ပြိုင်ပွဲ(အာဆီယံဖူဆယ်ချန်ပီယံရှစ်)၊ AFF Beach Soccer Championship ပြိုင်ပွဲ(အာဆီယံသဲသောင်ပြင်ဘောလုံး)တို့ ကျင်းပမည်ဖြစ်ကြောင်း ယခုနှစ်အစောပိုင်းက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
AFF သည် ကျန်ပြိုင်ပွဲသုံးခုဖြစ်သည့် အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်၊ အာဆီယံ ယူ-၁၆ အမျိုးသမီးချန်ပီယံရှစ်နှင့် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲများကိုမူ အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ ခုနှစ်အတွင်းကျင်းပရန်စီစဉ်ထားသည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာဆီယံ ယူ -၁၉ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတို့ကို မူလကျင်းပရန်လျာထားသည့် ကာလများမှ နောက်ဆုတ်လိုက်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတို့ကို အင်ဒိုနီးရှားနိုင်ငံတွင်လည်းကောင်း၊ ၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင်လည်း ကောင်း ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဧပြီဒုတိယပတ်တွင် နိုင်ငံတကခြေစမ်းပွဲကစားရန် မတ်လကတည်းက ပဏာမကစားသမား(၃၀) ကျော်ဖြင့် စခန်းဝင်လေ့ကျင့်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဧပြီ(၈၊ ၁၁) ရက်တွင် ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားခဲ့သော်လည်း ပျက်ပြယ်ခဲ့သဖြင့် ဧပြီ(၅) ရက်ကတည်းက လေ့ကျင့်မှုရပ်နားခဲ့ပြီး ကစားသမားများမှာလည်း ကလပ်အသင်းများနှင့် ပူးပေါင်းနေပြီဖြစ်သည်။