Sports Myanmar

မြောက်လန်ဒန်ဒါဘီ နိုင်ပွဲ အပြီး မန်စီးတီး အသင်းကို စိတ်ဓတ် စစ်ဆင်ရေးလုပ်လိုက်တဲ့ ဆာကာ

 

အာဆင်နယ် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဘူကာရို ဆာကာ က မြောက်လန်ဒန်ဒါဘီ နိုင်ပွဲ အပြီး ချန်ပီယံ ပြိုင်ဘက် မန်စီးတီး အသင်းဟာ ပြီးပြည့်စုံတဲ့ အသင်း မဟုတ်တာကြောင့် ရှေ့လာမယ့် ပွဲစဉ်တွေမှာ အမှတ်လျော့ဦးမှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

ဆာကာ ဟာ တော့တင်ဟမ် အသင်း နဲ့ ပွဲမှာ အာဆင်နယ် အတွက် ဒုတိယမြောက် သွင်းဂိုးကို သွင်းနိုင်ခဲ့ပြီး ဂန်းနားတို့ရဲ့ နှစ် ၂၀ ကြာ ချန်ပီယံ အိပ်မက်ကို ဆက်လက် အသက်သွင်း ပေးခဲ့ပါတယ် ။ အာဆင်နယ် အသင်း အနိုင်ရသလို မန်စီးတီး အသင်းကလည်း ဖောရက်စ်ကို အနိုင် ရတာကြောင့် နှစ်သင်းကြား အမှတ်ကွာဟမှုက တစ်မှတ်ကွာ အနေအထားမှာပဲ ဆက်ရှိ နေခဲ့ပါတယ်။

မန်စီးတီး ကတော့ လက်ရှိမှာ အာဆင်နယ် အသင်းထက် တစ်ပွဲလျော့ ကစားထားပြီး လက်ကျန်ပွဲကိုသာ အနိုင် ရပါက အမှတ်ပေး ဇယား ထိပ်ဆုံးကို ပြန်လည် တက်လှမ်း နိုင်မှာပါ ။ ဒါကြောင့် အာဆင်နယ် အသင်း အနေနဲ့ သူတို့ရဲ့ ချန်ပီယံ မျှော်လင့်ချက် အတွက် မန်စီးတီး အသင်း အမှတ်လျော့ဖို့ မျှော်လင့် ရမှာ ဖြစ်ပါတယ်။

ဆာကာ ကတော့ Sky Sports မှာ ” စီးတီး က အံ့ဖွယ် အသင်း တစ်သင်းပါ ။ ဒါပေမဲ့ သူတို့က ပြီးပြည့်စုံတဲ့ အသင်းတစ်သင်းတော့ မဟုတ်ပါဘူး ၊ ဘယ်အသင်းမှလည်း ပြီးပြည့်စုံတယ်လို့ မရှိပါဘူး ၊ သူတို့ အမှတ်တွေ လျော့နိုင်ပါတယ် ။ ကျနော်တို့ အနေနဲ့ ကိုယ်လုပ်စရာ ရှိတဲ့ အလုပ်ကို လုပ်ပြီး ဘယ်လို အနေအထား ရှိမလဲ စောင့်ကြည့်ရုံပါပဲ ။ ”

” ကစားဖို့ ၃ ပွဲ ကျန်ပါသေးတယ် ။ လက်ကျန် ၃ ပွဲကို ကျနော်တို့ အစွမ်းကုန် ပေးဆပ် ကစားသွားမှာပါ ။ အခုကတော့ ကျနော်တို့ အနေနဲ့ ရမှတ် အပြည့်ယူပြီး မန်စီးတီး ကို ဖိအားပေးမယ် ၊ အကောင်းဆုံးတွေ ဖြစ်ဖို့ မျှော်လင့်ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

SM

မူရင်းသတင်း — Sports Myanmar