
မန်စီးတီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းဆင်းဇုန် အန္တရာယ် ရှိနေတဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းကို အဝေးကွင်းမှာ ၀ – ၂ ရလဒ်နဲ့ အနိုင်ရပြီး ၊ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ တမှတ် အကွာကို ပြန်လည် ရောက်ရှိလာပါတယ် ။
တဖက်မှာ အာဆင်နယ်ဟာလည်း တနေ့တည်းမှာ မြောက်လန်ဒန်ဒါဘီပွဲကို အနိုင်ရခဲ့တာကြောင့် နောက်ဆုံးပွဲ အထိ စီးတီးကို ချန်ပီယံဆု အတွက် အကြိတ်အနယ် ယှဉ်ပြိုင်သွားမယ်လို့ မက်ဆေ့ခ်ျပေးရာ ရောက်ခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာက အာဆင်နယ်တို့ နိုင်ပွဲတွေ ဆက်နေပြီး အမှားမခံတော့မှာ ဖြစ်လို့ ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းဖို့ဆိုရင် ၄င်းတို့ အနေနဲ့ ကိုယ်လုပ်စရာ ရှိတာသာ ဆက်လုပ်ဖို့ပဲ လိုကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ် ။
ပက် က ” သူတို့ကို ကျွန်တော်တို့ ရှုံးစေချင်ခဲ့တာပေါ့ဗျာ ။ ဒါပေမယ့် သူတို့ လုပ်တဲ့ အရာတွေကို ကျွန်တော်တို့ ထိန်းချုပ်လို့ မရပါဘူး ။ သူတို့ ရလဒ်ကောင်း တခု ဖန်တီးနိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့ ကစားဖို့ ၄ပွဲ ကျန်ပါသေးတယ် ။ ”

” သူတို့ နောက်ထပ် ရမှတ် ဆုံးရှုံးခံတော့မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော်တို့ကလည်း ကိုယ်ဘာလုပ်ရမလဲ ဆိုတာ တိတိကျကျ သိထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
လက်ရှိ ချန်ပီယံတို့ဟာ ၄နှစ်ဆက် ပရီးမီးယားလိဂ် သရဖူကို သိမ်းပိုက်နိုင်ဖို့ လက်ကျန် ၄ပွဲလုံး အနိုင်ကစားဖို့သာ လိုအပ်ပြီး ၊ ဇယားထိပ်က အာဆင်နယ်က တပွဲပို ကစားထားတာကြောင့် စီးတီးရဲ့ လက်ထဲမှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အပြည့်အဝ ရှိနေပါတယ် ။

သို့ပေမယ့် ယင်းလက်ကျန်ပွဲမှာ စီးတီးတို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကြိုးစားနေတဲ့ တော့တင်ဟမ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေတာပဲ ဖြစ်ပါတယ် ။ တော့တင်ဟမ်ဟာ ခါတိုင်းနှစ်တွေမှာ စီးတီးတို့ကို ဒုက္ခပေးနေကျ အသင်း ဖြစ်ပေမယ့် ၊ ဒီရာသီမှာတော့ ခါးသီးတဲ့ မြို့ခံပြိုင်ဖက် အာဆင်နယ်ကို မျက်နှာသာ မပေးဖို့ အရှုံးခံသွားမလား ဆိုတာလည်း စိတ်ဝင်စားဖွယ် ကောင်းနေပါတယ် ။
ဒါနဲ့ ပတ်သက်ပြီးလည်း ပက် က ” ၄ပွဲကျန်တာ မှန်ပေမယ့် ဒါက တောင်ပေါ်တက်နေရသလိုပါပဲ ။ ဒါတွေက အရမ်း ခက်ခဲတဲ့ ပွဲတွေပါ ။ တခု ရှိတာက ကျွန်တော်တို့ဟာ အာဆင်နယ်ထက် တပတ် ပိုကစားရဦးမှာ ဖြစ်ပြီး ၊ ဒီအခွင့်အရေးက ကျွန်တော်တို့ လက်ထဲမှာ ရှိနေတာပါ ။ ”

” အဲဒီ ပွဲကျန်ကို ကျွန်တော်တို့ သရေကျခဲ့ရင် ပရီးမီးယားလိဂ် ဖလား ရတော့မှာ မဟုတ်ပါဘူး ။ ဒါက အရှိအတိုင်းပါပဲ ။ ဒီပွဲကျန်ကလည်း ခက်ခဲပါတယ် ။ အခုတော့ ကျွန်တော်တို့ အနည်းငယ် အနားယူပြီး ၊ နောက်ပွဲ အတွက် ပြင်ဆင်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR