Sports Myanmar

ဝေဖန်ခံနေရတဲ့ ချဲလ်ဆီး စတား တဦးဖက်မှ အားပေးထောက်ခံသွားတဲ့ အီယန်ရိုက်

 

ယခုနှစ် ဘောလုံးရာသီ ပြီးဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာချိန် ချဲလ်ဆီး အသင်းဟာ ဥရောပ ဝင်ခွင့် တနေရာနဲ့ ရာသီသိမ်းဖို့ ပစ်မှတ်ထားနေပြီး ၊ တချို့သော ကစားသမားတွေဟာ အသင်း အတွက် အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်လာတာကို တွေ့ရပါတယ် ။

အထောင်တိုက်စစ်ပိုင်းမှာတော့ ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ဟာ တဦးတည်း ပြိုင်ဖက်ကင်း နေရာ ရနေပြီး ၊ နောက်ပိုင်းပွဲတွေမှာ ၄င်းဟာ ခါတိုင်းထက် ဂိုးသွင်းခွင့်တွေ ပိုရလာပေမယ့် ၊ အဆုံးသတ်ပိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ တောက်လျှောက် ခံထားရပါတယ် ။

အထူးသဖြင့် မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ၄င်းဟာ အပိုင် အခွင့်အရေး ၃ကြိမ် အထိ ရခဲ့ပြီး ၊ ထိုအထဲက တကြိမ်လောက် အဆုံးသတ်နိုင်ခဲ့ရင်တောင် ချဲလ်ဆီးတို့ အတွက် ဗိုလ်လုပွဲ ဆင်နွှဲဖို့ အလားအလာ တချို့ ပိုင်ဆိုင်ခဲ့မှာ ဖြစ်ပါတယ် ။

စနေနေ့ညက ဗီလာပါ့ခ်မှ ပွဲမှာလည်း ဂျက်ဆင် တယောက် ဂိုးသွင်းခွင့် အနည်းငယ် ထပ်ရခဲ့ပြီး ၊ တကြိမ်ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပေမယ့် ၊ မဆိုစလောက်လေး လူကျွံနေခဲ့တာကြောင့် ချဲလ်ဆီးတို့ ထိုပွဲအတွင်း စောစောစီးစီး ချေပဂိုး မရခဲ့တာ ဖြစ်ပါတယ် ။

ဗီလာရီးရဲလ်ကနေ ပေါင် ၃၅သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ဂျက်ဆင်ဟာ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀ဂိုး သွင်းထားပေးပေမယ့် ၊ အဆုံးအဖြတ် အခိုက်အတန့်တွေမှာ မပြတ်သားသေးတဲ့ ၄င်းရဲ့ ပင်ကိုဟန်ကြောင့် ပရိသတ် အများအပြားက ၄င်းအပေါ် အပြည့်အဝ ယုံကြည် စိတ်ချခြင်း မရှိသေးတာ ဖြစ်ပါတယ် ။

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက်ကတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ထားရတဲ့ ဂျက်ဆင်ဖက်က ကာကွယ်ပြောဆိုရင်း ၊ ၄င်းသာ အဆုံးသတ် စွမ်းရည်ကို တိုးတက်အောင် လုပ်နိုင်မယ်ဆိုရင် ချဲလ်ဆီး အတွက် တခုခု စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ် ။

Wrighty’s House Podcast မှာ ရိုက် က ” ဒါနဲ့ ကျွန်တော် နီကိုးလက်စ် ဂျက်ဆင်ကို စောင့်ကြည့်နေတာပါ ။ ကျွန်တော် ခင်ဗျားကို သူ့အကြောင်း ပြောရပါမယ် ။ ( ဗီလာနဲ့ တဖက် ၂ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ) ကျွန်တော် သူ့ကို အချိန်ပြည့် စောင့်ကြည့်ခဲ့တာပါ ။ ”

” နောက်ဆုံး ကစားခဲ့တဲ့ ၃ပွဲ ၊ ၄ပွဲလောက်အထိ ကျွန်တော် သူ့ကို စောင့်ကြည့်ခဲ့ပြီး ၊ သူ လွဲချော်ခဲ့တဲ့ အခွင့်အရေးတွေဆို လူပြောများကြပါတယ် ။ ဒါပေမယ့် ကျွန်တော် သူ့ရဲ့ အပြေးအား ၊ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားနိုင်ပုံ ၊ ထိချက်တွေကို မြင်တွေ့နေရတာပါ ။ ”

” တခုခုတော့ ဒီမှာ ဖြစ်ပျက်နေပါပြီ ။ သူသာ ဂိုးသွင်းခွင့်ကို သေသေချာချာ ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် ဒီမှာ တခုခုတော့ ဖြစ်နေပြီဆိုတာ ကျွန်တော် ခင်ဗျားကို သေချာပေါက် ပြောရဲပါတယ် ။ ဗီလာနဲ့ ပွဲမှာ သူဟာ တချို့သော အံ့သြဖွယ် အရာတွေ လုပ်ပြခဲ့တာပါ ။ ”

” သူ့အတွက် တခုခု ဖြစ်လာနိုင်တယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် ။ သူ့ဆီကနေ ခြေစွမ်းခြေစကောင်းတွေ ကျွန်တော် မြင်တွေ့ထားပါတယ် ။ သူ့မှာ ဒီအတွက် ခွန်အားနဲ့ ပင်ကိုဟန် ရှိနေမယ်ဆိုရင် ဒီချာတိတ်ဟာ တခုခု လုပ်ပြပါလိမ့်မယ် ။ ကျွန်တော် ဒါတော့ ခင်ဗျားကို ပြောနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar