
လွန်ခဲ့တဲ့ ၂ရက်ကပဲ ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ရာသီအကုန်မှာ ချဲလ်ဆီးကနေ တရားဝင် ထွက်ခွာတော့မှာ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီးနောက် လာမယ့် နွေရာသီမှာ ခြင်္သေ့ပြာတို့ အားဖြည့်ဖို့ လိုအပ်တဲ့ နေရာ တနေရာ ထပ်တိုးလာပြီ ဖြစ်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ ချဲလ်ဆီး အနေနဲ့ နွေရာသီမှာ အပြောင်းအရွှေ့ ပေါ်လစီ ပြောင်းကာ အတွေ့အကြုံရင့် ကစားသမားတွေကို ပစ်မှတ်ထား ခေါ်ယူဖို့ အကြံပြုရင်း ၊ ဖြည့်တင်းသင့်တဲ့ နေရာ ၃နေရာကိုလည်း အခုလိုပဲ ပြောပြသွားပါတယ် ။

Sky Sports နဲ့ တွေ့ဆုံရာမှာ နဗီးလ် က ” အမှန်တော့ နီကိုးလက်စ် ဂျက်ဆင်ကို ကျွန်တော် သဘောကျပါတယ် ။ ဒါက လူပြောသိပ်မများတဲ့ ထင်မြင်ချက် တခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်တော် သူ့ကို နှစ်သက်ပါတယ် ။ သူ့မှာ ပေးဆပ်စရာတွေ အများကြီး ကျန်နေပါသေးတယ် ။ သူဟာ လူငယ် ကစားသမား တယောက်ပါ ။ ”
” သူဟာ ရူးလောက်စရာ ငွေအများကြီး ကုန်ကျတဲ့ ကစားသမား တယောက် မဟုတ်ပါဘူး ။ ဒါဟာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ရာသီ ဖြစ်ပြီး ၊ ဂိုးတချို့ သွင်းယူပေးထားပါတယ် ။ ရှေ့ဆက် သူ တိုးတက်နိုင်ပါသေးတယ် ။ ဒီအတွက် အများကြီး ပြောစရာရှိခဲ့မှာပါ ။ ”
” သူဟာ နံပါတ်တစ် အထောင်တိုက်စစ်မှူး ဖြစ်ချင်မှ ဖြစ်ပါမယ် ။ ဒါပေမယ့် အသင်းမှာ ကစားသမား ၁၈ယောက်ကနေ အယောက် ၂၀လောက် ရှိပြီး ၊ သူ့ကို ဒုတိယ ဦးစားပေး တတိယ ဦးစားပေး တိုက်စစ်မှူး ဖြစ်မယ်ဆိုရင်တော့ ကျွန်တော် ဒါကို လက်ခံသွားမှာပါ ။ ”

” ဒီတော့ မန်စီးတီးနဲ့ ပွဲက ချဲလ်ဆီးရဲ့ စွမ်းဆောင်ရည်က တကယ် မယုံနိုင်ဖွယ်ပါပဲ ။ အရမ်း ကောင်းခဲ့ပါတယ် ။ နီကိုးလက်စ် ဂျက်ဆင်ထက် ပိုပြီး အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူးသာ ရှိမယ်ဆိုရင် သူတို့ အဲဒီပွဲကို နိုင်ခဲ့မှာပါ ။ ဒီနေရာကို ချဲလ်ဆီး ပိုင်ရှင်တွေ အားဖြည့်ဖို့ စောင့်ကြည့်ရမယ့် နေရာ ဖြစ်ပါတယ် ။ ”
” တပွဲနဲ့ တပွဲရဲ့ အသင်းလိုက် စွမ်းဆောင်ရည် အဆင့်အတန်းက တည်ငြိမ်မှု ရှိမနေပါဘူး ။ သူတို့ ခြေစွမ်း နုံချာတဲ့နေ့ဆို တော်တော် နုံချာပါတယ် ။ ဒါပေမယ့် သူတို့ ခြေစွမ်းက ကောင်းပြီဆိုရင် စိတ်လှုပ်ရှားစရာကောင်းတယ် ဆိုတာ ခင်ဗျားတို့ မြင်တွေ့ရမှာပါ ။ ”
” ဒါပေမယ့် သူတို့ဟာ အသင်းဖော်တွေကို ချိတ်ဆက်ပေးမယ့် နောက်ထပ် ကစားသမား ၂ယောက် ၊ ၃ယောက်လောက် လိုပါတယ် ။ အတွေ့အကြုံ တကယ်ပြည့်ပြီး ကောင်းမွန်တဲ့ ကစားသမားတွေကို သူတို့ လိုအပ်ပါတယ် ။ ၈နှစ် စာချုပ်ချုပ်တဲ့ လမ်းကြောင်းဆီ သူတို့ ထပ်သွားလို့ မရတော့ပါဘူး ။ ”

” ၈နှစ်စာချုပ်ဆိုတာ ပုံစံမျိုးစုံနဲ့ ကြည့်ရင် ဆိုးရွားပါတယ် ။ အကြောင်းအရင်း တခုက ဒါဟာ ဘယ်လိုမှ အဓိပ္ပာယ် မရှိပါဘူး ။ ဒါတွေက လူငယ် ကစားသမား တယောက် အတွက် ဘယ်လိုမှ အထောက်အကူ မပေးပါဘူး ။ ပြောင်းရွှေ့ကြေးတွေကလည်း ကြီးမားလွန်းပါတယ် ။ ”
” အသက် ၂၁ ၊ ၂၂နှစ် အရွယ် ကစားသမား တယောက် အနေနဲ့ ခင်ဗျားဟာ ၈နှစ် စာချုပ်ချုပ်လိုက်တာ ဖြစ်လို့ ကလပ်ဖက်ကတော့ ခင်ဗျားကို အကြာကြီး ထိန်းနိုင်တော့မယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ၊ ကစားသမားဖက်ကတော့ ‘ ငါ ချမ်းသာပြီ ‘ လို့ပဲ တွေးမှာပါ ။ တချို့အတွက်တော့ ဒါက ပြဿနာပါပဲ ။ ဒါက စိတ်ဓာတ်ခံယူချက်ကို သက်ရောက်မှု ရှိစေပါတယ် ။ ”
” နောက်ရာသီ အစမှာ သူတို့သာ နေရာ ၃နေရာ အတွက် မှန်ကန်တဲ့ ကစားသမားတွေ ဖြည့်တင်းနိုင်ခဲ့ရင် ၊ တိုက်စစ်မှူး ၊ ခံစစ်မှူး – သီယာဂို ဆေးလ်ဗား နေရာ အတွက်ပေါ့ ၊ နောက်ပြီး ဂိုးသမား တနေရာကို ဖြည့်တင်းနိုင်ခဲ့ရင်ပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR