Eleven Media Group

■ ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်

Photo: X

အာဆင်နယ် - ဘုန်းမောက် (မြန်မာစံတော်ချိန် မေလ ၄ ရက် ညနေ ၆:၀၀ နာရီ)
အာဆင်နယ်အသင်းက ဗီလာကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် နောက်ဆုံံး (၃) ပွဲမှာ နိုင်ပွဲတွေဆက်တိုက်ရခဲ့တယ်။ ဒီ (၃) ပွဲမှာ (၁၀) ဂိုးသွင်းခဲ့တယ်။ ပေးဂိုး (၂) ဂိုးပဲ ရှိတယ်။ Clean Sheet (၂) ပွဲ ရခဲ့တယ်။ အာဆင်နယ်က အာတီတာလက်ထက်မှာ ဧပြီလက ရလဒ်တော်တော်ဆိုးတဲ့ အထဲမှာပါတယ်။ ဒါပေမဲ့ ဒီနှစ် အာဆင်နယ်ရဲ့ ဧပြီလရလဒ်တွေက တော်တော်လေး အားကောင်းတာတွေ့ရတယ်။ ဘုန်းမောက်က အပေါ်မရောက်၊ အောက်မရောက်အသင်း။ ရလဒ်တွေက တော်တော်လေး လူးတယ်။ ထိုးကျသွားပြီးတော့မှ နောက်ဆုံး (၂) ပွဲဆက် Clean Sheet ယူပြီး နိုင်ပွဲဆက်ခဲ့တယ်။ လက်ရှိအခြေအနေမှာ အာဆင်နယ်က ဘုန်းမောက်ထက် အစစအရာရာသာတာမှန်ပေမဲ့ ဘုန်းမောက်ရဲ့ တိုုက်စစ်ကစားပုံကို သတိတော့ ထားရမယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ အာဆင်နယ်ပဲ အနိုင်ရသွားလိမ့်မယ်။


ဘရန့်ဖို့ဒ် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၈:၃၀ နာရီ)
ဘာအတွက်မှ အမှတ်မလိုတဲ့ အသင်းနှစ်သင်းရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တယ်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ ဂုဏ်သိက္ခာ၊ ရာသီကုန်ရပ်တည်မှုတွေအတွက် ကစားရမယ့်ပွဲလည်း ဖြစ်တယ်။ ဖူလ်ဟမ်က ဘရန့်ဖို့ဒ်ထက် ရပ်တည်မှု သာနေပေမဲ့ နောက်ပိုင်းပွဲစဉ်တွေက ရလဒ်တွေကိုကြည့်ရင် ဘရန့်ဖို့ဒ်က ခြေပိုငြိမ်နေတာကို တွေ့ရတယ်။ ဒီပွဲလည်း အိမ်ကွင်းမှာ ဖြစ်နေလို့ ဘရန့်ဖို့ဒ်ကိုပဲ ကြိုက်တယ်။


ဘန်လေ - နယူးကာဆယ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၈:၃၀ နာရီ)
ဘန်လေအတွက် သေရေးရှင်ရေး အခြေအနေရောက်နေပြီ။ တန်းဆင်းဇုန် လက်ကျန်တစ်နေရာအတွက် (၃) သင်းလုရမယ့် အခြေအနေဖြစ်နေပြီး နော်တင်ဟမ်ဖောရက်စ်က တော်တော်လေး အားကောင်းတာလည်း တွေ့ရတယ်။ ဘန်လေက ဒီပွဲပြီးရင် စပါးနဲ့လည်း ကစားရဦးမယ်။ ဒါပေမဲ့ နောက်ဆုံးပွဲက နော်တင်ဟမ်ဖောရက်စ်နဲ့ ဖြစ်လို့ ဒီပွဲမှာသာ ရလဒ်ကောင်းထားရင် မျှော်လင့်ချက်ရှိတယ်။ ဘန်လေကို ကြိုက်တယ်။


ရှက်ဖီးယူနိုက်တက် - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၈:၃၀ နာရီ)
ရှက်ဖီးယူနိုက်တက်က တန်းဆင်းဖို့ သေချာသွားတဲ့အသင်းဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်အတွက် ဒီပွဲက တော်တော်လေး အရေးပါတယ်။ ခြေစွမ်းချင်းယှဉ်ရင်လည်း နော်တင်ဟမ်ဖောရက်စ်က ပိုကောင်းတယ်ဆိုရင်တောင် ရှက်ဖီးတန်းဆင်းဖို့ သေချာသွားခြင်းက ပိုပြီး အကူအညီ ဖြစ်နိုင်တယ်။ တစ်ခုရှိတာက ရှက်ဖီးရဲ့ ဂုဏ်သိက္ခာတိုက်ပွဲပဲ။ ပုံမှန်အားဖြင့်တော့ ဒီလိုပွဲမျိုးက သရေကို ဦးတည်နေတတ်တယ်။


မန်စီးတီး - ဝုလ်ဗ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၁၁:၀၀ နာရီ)
မန်စီးတီးက ဒီပွဲကစားပြီးရင် ဖူလ်ဟမ်နဲ့ စပါးတို့ကို အဝေးကွင်းနှစ်ပွဲဆက် ကစားရမယ်။ စီးတီးက အသင်းတိုင်းထက် ခြေပိုငြိမ်ပြီး ပိုစိတ်ချရတဲ့အသင်းပါ။ ဒါပေမဲ့ ဒီလိုအသင်းမျိုးလည်း မထင်မှတ်တဲ့ အမှားဆိုတာ ရှိနိုင်တုန်းပဲ။ ဂယ်ရီအိုနေးလ်ရဲ့အသင်းက ရည်မှန်းချက် မရှိဘူး။ အမှတ်မလိုဘူး။ နောက်ဆုံးပွဲမှာတော့ လူတန်ကို နိုင်ခဲ့တယ်။ ဒါပေမဲ့ စီးတီးနဲ့ ခြေကွာ၊ အခြေအနေ ကွာပါတယ်။ စီးတီး ဂိုးကွာခြားချက်အတွက်ပါ ကစားမယ်။

မူရင်းသတင်း — Eleven Media Group