Sports Myanmar

အာဆင်နယ်နဲ့ မန်စီးတီးကို လိုက်မှီဖို့ ချဲလ်ဆီးတို့ ခေါ်ယူအားဖြည့်ရမယ့် နေရာ ၂နေရာကို ပြောပြသွားတဲ့ ပေါလ်မာဆင်

 

အမေရိကန် ပိုင်ရှင်တွေ ချဲလ်ဆီးကို ဝယ်ယူလာတာ ၂နှစ်နီးပါး ကြာမြင့်လာပြီးနောက် ခြင်္သေ့ပြာတို့ဟာ ကစားသမားသစ်များစွာ အတွက် ပေါင်တဘီလီယံကျော် သုံးစွဲ အားဖြည့်ထားပြီး ဖြစ်တာကြောင့် လာမယ့် နွေရာသီမှာတော့ တကယ် လိုအပ်မယ့် နေရာ အနည်းငယ်ကိုသာ ဖြည့်တင်းမှုတွေ လုပ်ဖို့ မျှော်မှန်းရပါတယ် ။

အထူးသဖြင့် ၄နှစ်ကြာ ကစားပြီးနောက် ချဲလ်ဆီးကနေ ထွက်ခွာတော့မယ့် ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား နေရာနဲ့ တရာသီလုံး ကြုံတွေ့ထားရတဲ့ အဆုံးသတ် ပြဿနာကို ကူညီ ဖြေရှင်းပေးဖို့ ထိပ်တန်း တိုက်စစ်မှူး တဦးကိုတော့ ခြင်္သေ့ပြာတို့ မဖြစ်မနေ အားဖြည့်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ် ။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်က ချဲလ်ဆီး အနေနဲ့ အမှတ်ပေးဖလား အတွက် အကြိတ်အနယ် လုနေကြတဲ့ အာဆင်နယ်နဲ့ မန်စီးတီးကို ယှဉ်နိုင်ဖို့ဆိုရင် နောက်ရာသီမှာ အတွေ့အကြုံရင့် ထိပ်တန်း ခံစစ်မှူးနဲ့ တိုက်စစ်မှူးသစ် တဦးစီ ခေါ်ယူရမှာ ဖြစ်ကြောင်း Sky Sports နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ အကြံပြုခဲ့ပါတယ် ။

မာဆင် က ” ချဲလ်ဆီးမှာ တည်ငြိမ်မှု လုံလုံလောက်လောက် မရှိနေပါဘူး ။ သူတို့ဟာ ရှုံးထွက်ဖလား ပွဲတွေမှာ ကောင်းခဲ့ပေမယ့် လူငယ် အသင်း ဖြစ်တာကြောင့် ဒါမျိုး တခါတလေ ကြုံရတတ်ပါတယ် ။ လောလောဆယ်မှာ သူတို့ ကစားတာ အတော်လေး ကောင်းနေပါတယ် ။ မျှမျှတတပါပဲ ။ သူတို့ဟာ ဥရောပ ဝင်ခွင့် အတွက် နေရာမှန်ကို ရောက်နေပါပြီ ။ ”

” ကျွန်တော့ အတွက်တော့ သူတို့ ဥရောပ ဝင်ခွင့် ရကိုရရပါမယ် ။ သူတို့ဟာ ကာရာဘောင် ဖလား ဗိုလ်လုပွဲ တက်ခဲ့တယ် ၊ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို ရောက်ခဲ့ပေမယ့် ၊ ၂ပွဲလုံးမှာ အတော်လေး ကံမကောင်းဖြစ်ခဲ့ပါတယ် ။ အခုအချိန်အထိ သူတို့ ဒီရာသီက မဆိုးဘူး ဆိုတဲ့ အနေအထားမှာ ဆက်ရှိနေပါသေးတယ် ။ ”

” ဒါပေမယ့် သူတို့ နောက်ရာသီ အတွက် ကစားသမားသစ်တွေ ဖြည့်တင်းရဦးမှာပါ ။ ထိုင်နေပြီး သူတို့မှာ လိုချင်တာ အားလုံး ရှိနေပြီလို့ ပြောရမယ့်အချိန် မဟုတ်ပါဘူး ။ သူတို့ဟာ မန်စီးတီး ၊ အာဆင်နယ်တို့နဲ့ မိုင်ပေါင်းများစွာ ဝေးကွာနေပါသေးတယ် ။ ခင်ဗျား အနေနဲ့ တသင်းလုံးရဲ့ ပုံရိပ်အစစ်အမှန်ကို ကြည့်ရပါမယ် ။ ”

” သူတို့ဟာ နွေရာသီမှာ အတွေ့အကြုံတွေ ယူဆောင်ရပါလိမ့်မယ် ။ သီယာဂို ဆေးလ်ဗားက အသင်းပြောင်းတော့မှာ ဖြစ်ပြီး ၊ သူဟာ ချဲလ်ဆီးရဲ့ အဓိက အတွေ့အကြုံရင့် ကစားသမားပါ ။ ဒီတော့ သူ့နေရာကို ဖြည့်ရပါမယ် ။ အရာရာက အဆင်မပြေ ဖြစ်တဲ့အခါ တည်ငြိမ်မှုကို အလိုရှိတယ်ဆိုရင် ခင်ဗျား သူ့လို အတွေ့အကြုံရင့် ကစားသမားတွေ လိုအပ်ပါတယ် ။ သူတို့ဟာ အခြေအနေတွေကို အနည်းငယ် တည်ငြိမ်အောင် လုပ်ပေးနိုင်ပါတယ် ။ ”

” ဆေးလ်ဗားရဲ့ နေရာကို အစားထိုးဖို့ သူတို့ အတွေ့အကြုံရင့် ခံစစ်မှူး တယောက် လိုကောင်းလိုပြီး ၊ တိုက်စစ်မှူးသစ် တယောက်လည်း ထပ်ဖြည့်နိုင်ပါတယ် ။ နောက်နှစ်တော့ သူတို့ ချန်ပီယံလိဂ်ဝင်ခွင့် ရချင်ကြမှာပါ ။ ဒီတော့ သူတို့ဟာ အာဆင်နယ် ၊ မန်စီးတီးတို့နဲ့ ကွာဟမှုတွေကို စတင် လျှော့ချရပါတော့မယ် ။ ”

” ဒါက ချဲလ်ဆီးပါ ။ ရပ်ကွက်သာသာ အသင်း တသင်းကို လည်ပတ်နေတာ မဟုတ်ပါဘူး ။ ချဲလ်ဆီးဟာ အောင်မြင်မှုတွေနဲ့ အသားကျနေတဲ့ အသင်းပါ ။ သူတို့ဟာ ဆုဖလားတွေ ဆွတ်ခူးချင်ကြပါတယ် ။ တော့တင်ဟမ်တို့လို အဆင့် ၄ နဲ့တင် အောင်ပွဲခံ ကျေနပ်တင်းတိမ်နိုင်မယ့် အသင်းမျိုး မဟုတ်ပါဘူး ။ ”

” နောက်ရာသီ ပိုချက်တီနို ဘာကြောင့် ဆက်ပြီး တာဝန်မယူရမှာလဲ ဆိုတာ ကျွန်တော် မမြင်မိပါဘူး ။ သူ့ကို ဖယ်ရှားသင့်တယ်လို့လည်း ကျွန်တော် တခါမှ မတွေးဖူးပါဘူး ။ သူဟာ မန်နေဂျာကောင်း တယောက်ပါ ။ တဦးချင်း စွမ်းဆောင်ရည်ကောင်းတွေက အောင်မြင်မှု မယူပေးနိုင်ပါဘူး ။ အသင်း တသင်း အနေနဲ့ အရာရာ ဖြေရှင်းနိုင်ရင် သူတို့ အဆင်ပြေပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar