
ချဲလ်ဆီး အသင်းဟာ ယခုနှစ် ရာသီ အာဂျင်တိုင်းသား နည်းပြ မော်ရစ်စီယို ပိုချက်တီနို လက်အောက်မှာ ရှုံးထွက်ဖလား ပြိုင်ပွဲ ၂ခု အတွင်း ရလဒ်ကောင်းတွေ ပိုင်ဆိုင်ခဲ့ပေမယ့် ၊ ပရီးမီးယားလိဂ်မှာတော့ အနိမ့်အမြင့် အတက်အကျ ပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။
သို့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲအနည်းငယ်မှာ ပရိသတ်တွေ မြင်ချင်တဲ့ ကစားဟန် ၊ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့တာကြောင့် ချဲလ်ဆီး အနေနဲ့ ဥရောပ ဝင်ခွင့် တခုခုနဲ့ ရာသီသိမ်းနိုင်ဖို့ အလားအလာကောင်းနေပါတယ် ။ ဒါဟာ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေ လက်ထက် အကောင်းဆုံး အနေအထားလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။
The Athletic သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ဘိုလီက နောက်ဆုံး ပွဲအနည်းငယ်မှ ချဲလ်ဆီးရဲ့ စွမ်းဆောင်ရည် အပေါ် အားရကျေနပ်ကြောင်း အခုလိုပဲ ထင်မြင်ချက် ပေးလာပါတယ် ။

ဘိုလီ က ” နောက်ဆုံး ၂ပွဲနဲ့ တဝက် ကစားခဲ့တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီးပါပြီ ။ အနိမ့်ဆုံးတော့ အက်စ်တွန် ဗီလာနဲ့ ဒုတိယပိုင်း ၊ တော့တင်ဟမ် ၊ ဝက်စ်ဟမ်း ပွဲတွေမှာ ကျွန်တော်တို့ လှပတဲ့ ဘောလုံး ကစားဟန် ပြသနိုင်ခဲ့ပါတယ် ။ ”
” ဒါက တကယ်ကို ငြိမ့်ညောင်းမှု ရှိပါတယ် ။ ခံစစ်ကနေ တိုက်စစ်ကို စတင်တဲ့ နေရာ ၊ ကစားပုံ တည်တဲ့ နေရာ ၊ တနေရာကနေ တနေရာ ရွေ့လျား ကစားတာတွေမှာ ဒါမျိုး တိတိကျကျ ကျွန်တော်တို့ ကစားနိုင်ခဲ့ပါတယ် ။ အရမ်း ကျစ်လျစ်မှု ရှိခဲ့ပြီး ၊ အဲဒီ ပွဲတွေမှာ ကျွန်တော်တို့ရဲ့ ကန်ချက် အရေအတွက်တွေကို ကြည့်ကြည့်ပါ ။ ”
” အဲဒီ ၂ပွဲနဲ့ တဝက်မှာ ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ရုပ်လုံး ဖော်လာနိုင်ပြီ ဆိုတာ ခင်ဗျားတို့ စပြီး မြင်တွေ့နိုင်ပါတယ် ။ ပွဲကြေညာတဲ့သူတွေတောင် နောက်ဆုံး ၂ပွဲနဲ့ တဝက်မှာ လေသံတွေ ပြောင်းလာခဲ့ပါတယ် ။ ဒီလောက်ထိ လျင်လျင်မြန်မြန် ပြောင်းလဲသွားတာမျိုး ကျွန်တော် တခါမှ မမြင်ဖူးပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဘိုလီ လက်ထက် ချဲလ်ဆီးတို့ ကစားသမားပေါင်း မြောက်မြားစွာ ခေါ်ယူခဲ့တဲ့ အနက် ခြေမပေါ်ပဲ အသင်းကနေ စောစောစီးစီး ထွက်ခွာခဲ့ရတဲ့ စတား တချို့လည်း ရှိထားပြီး ၊ ထိုအထဲမှာ ဆော်ဒီသို့ ပြောင်းရွှေ့သွားတဲ့ ဆီနီဂေါ ဝါရင့်ခံစစ်မှူး ကာလီဒူ ကူလီဘာလီလည်း အပါအဝင် ဖြစ်ပါတယ် ။
ကူလီဘာလီ တယောက် ချဲလ်ဆီးမှာ ဘာကြောင့် ရုန်းကန်ခဲ့ရလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဘိုလီ က ” ဘောလုံးထက် ပိုပြီး ကြီးကျယ်တဲ့ အားကစား ဒီကမ္ဘာမှာ မရှိပါဘူး ။ ဥရောပ ဘောလုံး လောကရဲ့ ကြီးမားမှု ပမာဏကို ခင်ဗျား တွေးကြည့်လိုက်တဲ့အခါ ဒါက တကယ် အတွေးထုံသွားစေတဲ့ အထိပါပဲ ။ ပရီးမီးယားလိဂ်ထက် ပိုကောင်းတဲ့လိဂ်လည်း ဒီကမ္ဘာမှာ မရှိပါဘူး ။ ”
” ဒီကစားသမားတွေ ကစားတာ ခင်ဗျား ကြည့်မယ်ဆိုရင် သူတို့ရဲ့ အပြေးအားကို မြင်တွေ့ရမှာပါ ။ ကျွန်တော် ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲ ဆက်ဆံရေး အကောင်းဆုံး တယောက် ဖြစ်တဲ့သူက ကာလီဒူ ကူလီဘာလီပါ ။ ”
” ကူလီဘာလီဆိုရင် စီးရီအေကနေ ပြောင်းရွှေ့လာပြီးတဲ့နောက် သူ ကျွန်တော့ကို ပြောတာ တခု ရှိခဲ့ပအတယ် ။ ‘ စီးရီအေမှာဆို ကျွန်တော် စဉ်းစားဖို့ အချိန်ရတယ် ၊ ပြီးမှ ပြေးရတယ် ။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာတော့ ပြေးရင်းနဲ့ စဉ်းစားရတယ် ။ ကျွန်တော် ဒါနဲ့ အသားကျအောင် လုပ်နေရတယ် ‘ လို့ ပြောခဲ့ဖူးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR