
ဒါ၀င်နူးနက်ဟာ နွေရာသီမှာ အန်ဖီးကနေ ဘာစီလိုနာကို ထွက်ခွာတော့မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေပြီး ယာဂန်ကလော့ ကတော့ ဒါတွေကို ပယ်ချသွားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဥရုဂွေးစတားဟာ ဒီရာသီ လီဗာပူး အတွက် ပြိုင်ပွဲစုံမှာ ၁၈ ဂိုး သွင်းပေးထားခဲ့ပေမယ့်လည်း ဂိုးရှေ့မှာ အခွင့်အရေး များစွာ လွဲချော်မှုတွေ ဖြစ်နေတာကြောင့် ဝေဖန်မှုတွေ အပြင်းအထန် ခံနေခဲ့ရပါတယ်။
ဘင်ဖီကာ ကနေ ပေါင် ၈၅ သန်းနဲ့ ၂၀၂၂ က ပြောင်းလာခဲ့တဲ့ နူးနက်ဟာ လီဗာပူးနဲ့ စာချုပ် ၄ နှစ် ကျန်နေသေးပေမယ့် ဘာစီလိုနာက ၎င်းကိုခေါ်ယူရန် စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ နူးနက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အင်စတာဂရမ် ကနေ ကလပ်နဲ့ ပက်သက်တဲ့ ဓာတ်ပုံတွေကို ဖျက်ခဲ့တာကြောင့် ဒီသတင်းတွေက ပိုကြီးထွားလာခဲ့ပါတယ်။

ဒါပေမယ့်လည်း ကလော့က ဒီသတင်းတွေကို ပယ်ချလိုက်ပြီး နူးနက်ဟာ ဂိုးရှေ့မှာ အခွင့်အရေးတွေ လွဲချော်မှုတွေ အပေါ် စိတ်ပျက်နေတယ်လို့ ဆိုလိုက်ပါတယ်။
“ဘာကောလဟာလမှ မရှိပါဘူး။ အပြင်ဘက်ကလူတွေကပဲ ပြောတာ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ကျနော် ဒါနဲ့ပက်သက်ပြီး မကြားမိလို့ပါ။ ကျနော် ဒီကိစ္စတွေမှာ မပါ၀င်တော့ပါဘူး။ ဒါဟာ ကျနော်တို့ အခု ရှိနေတဲ့ အခြေအနေပါ။ သူဟာ အခွင့်အရေးတွေ လွဲချော်ခဲ့တဲ့ အပေါ် သေချာပေါက် မပျော်ရွှင်ပါဘူး။ သူဟာ အခြေအနေ တော်တော်များများမှာ ကံမကောင်းခဲ့ပါဘူး။ အရာအားလုံး မှန်ကန်အောင် လုပ်လာခဲ့ပေမယ့် ဘောလုံးက ဂိုးထဲ မ၀င်တာပါ။

ဒါဟာ လူငယ်တစ်ဦး အတွက် ခက်ခဲပါတယ်။ သူဟာ မျှော်လင့်ထားမှုတွေကို သိပါတယ်။ သူ့မှာလည်း ကြီးမားတဲ့ ရည်မှန်းချက် ရှိပါတယ်။ ဒါပေမယ့် အခြား ရွေးချယ်စရာ မရှိပါဘူး။ ဒီကာလကို ဖြတ်သန်းရမှာပါ။ သူ အခု ဒါကို လုပ်နေပါတယ်။ ကျနော်တို့ တက်နိုင်သမျှ သူ့ကို ကူညီပေးနေပါတ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူဟာ အခြားသူတွေလိုပဲ ဒီကာလကို ဖြတ်ကျော်ရမှာပါ။ ဒါဟာ ကစားသမားဘ၀ရဲ့ အစိတ်အပိုင်းပါပဲ။
သူ့ရဲ့ ပြသနာကတော့ သူဟာ ဂိုးသွင်းနိုင်တဲ့ အခြေအနေတွေကို အမြဲလိုလို ရနေလောက်အောင် ကောင်းမွန်တာပါပဲ။ အကယ်လို့များ သူဟာ မကောင်းတဲ့သူဆိုရင် ဒီလို နေရာတွေမှာ ရှိနေနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ ဒီလို အခွင့်အရေးတွေ ရလောက်အောင် ကောင်းမွန်မှု ရှိလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ အဆုံးသတ်ပိုင်းက အလုပ်မဖြစ်ပဲ ဖြစ်နေပါတယ်။

၁၈ ဂိုး သွင်းထားတယ်ဆိုတာ သိပ်ပြီး ဆိုးတာတော့ မဟုတ်ပါဘူး။ ဒါဟာ သူ့ရဲ့ အရည်အသွေး နဲ့ လူတွေရဲ့ မျှော်လင့်ထားမှုတွေကြောင့်ပါ။ အသင်းတစ်သင်း အနေနဲ့ ကျနော်တို့ရဲ့ အခြေအနေကြောင့်နဲ့ အခွင့်အရေးတွေကို တစ်ဦးဦးက အဆုံးမသတ်နိုင်ခဲ့လို့ ဒီလို ဖြစ်တာပါ။ ဘယ်သူမှ ဒါကို မကြိုက်ပေမယ့် ဒါဟာ ကစားသမား ဘ၀ အစိတ်အပိုင်းပါပဲ။ ဒါပါပဲ။”