Sports Myanmar

သူနဲ့ ပတ်သက်တဲ့ ရိစ်ဂျိမ်းစ်ရဲ့ ချီးမွမ်းမှတ်ချက် တခု အပေါ် ပွင့်ပွင့်လင်းလင်းပဲ လက်မခံခဲ့တဲ့ ကိုးလ်ပါလ်မာ

 

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းမဆင်းရဖို့ တမှတ်သာ လိုတော့တဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းကို အဝေးကွင်းမှာ နောက်ကျဂိုးတွေနဲ့ အတူ ၂ – ၃ ရလဒ်နဲ့ အနိုင်ရကာ ၊ ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် ဆက်လက် အသက်သွင်းနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ ဒီရာသီ ချဲလ်ဆီး အတွက် တောက်လျှောက် ခြေစွမ်းပြနေတဲ့ အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့် ကိုးလ်ပါလ်မာဟာ တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ရဲ့ အဖွင့်ဂိုးကို အကွက်မြင်မြင် ဖန်တီးပေးခဲ့ပါတယ် ။

တဖက်မှာ ကလပ် အသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ်ဟာ ကာလရှည် တံကောက်ကြော ဒဏ်ရာမှ ပြန်လာအပြီး မနေ့က ပွဲကို ၅လ အကြာမှာ ပထမဆုံး အကြိမ် လူစားဝင် ကစားခွင့် ရခဲ့ကာ ၊ ချဲလ်ဆီး အတွက် နောက်ကျ အနိုင်ဂိုးကို ဖန်တီးပေးခဲ့ပါတယ် ။

ပွဲအပြီး Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ဂျိမ်းစ်က ဒီရာသီ သွင်းဂိုးရော ၊ ဂိုးဖန်တီးမှုမှာပါ Double Figure ပြည့်ခဲ့တဲ့ ကိုးလ်ပါလ်မာကို လက်ရှိ ကမ္ဘာ့ အကောင်းဆုံး စာရင်းဝင် အဖြစ် ခေါ်ဝေါ်သမုတ်ခဲ့ပြီး ၊ သူ့ရဲ့ ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပွဲကစားခွင့် အပေါ်မှာလည်း အခုလို ဝမ်းမြောက်စကား ဆိုခဲ့ပါတယ် ။

ဂျိမ်းစ် က ” ဒါက ကျွန်တော့ အတွက် အချိန် အကြာကြီး စောင့်ခဲ့ရတာပါပဲ ။ ဒီတော့ ကျွန်တော် အသင်းမှာ ပြန်ကစားရလို့ ပျော်ရွှင်နေပါတယ် ။ နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ သင်ယူလေ့လာနေတာပါ ။ ကျွန်တော်တို့ဟာ ငယ်ရွယ်ဆဲပါ ။ ဒါပေမယ့် တိုးတက်မှု ရှိနေပါတယ် ။ ”

” ရာသီသိမ်းခါနီးမှာ ကျွန်တော်တို့ဟာ တောင့်တင်းတဲ့ ပုံစံနဲ့ ရောက်ရှိလာပါပြီ ။ ကိုးလ်ပါလ်မာဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တယောက်ပါ ။ ဒါက ကျွန်တော့ တကိုယ်တည်းရဲ့ အမြင်အရပေါ့ ။ မန်စီးတီးမှာတုန်းက သူဟာ လိုချင်သလောက် ကစားခွင့် မရခဲ့ပါဘူး ။ ”

” ဒါပေမယ့် သူ ဒီကို ရောက်လာပြီး ၊ အခွင့်အရေးကို လက်၂ဖက်နဲ့ အမိအရ ဆုပ်ကိုင်ထားပါတယ် ။ ဖြည်းဖြည်းချင်းနဲ့ ကျွန်တော်တို့ဟာ လိုချင်တဲ့ အဆင့်အတန်းဆီ ရောက်ရှိမှာ သေချာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

သို့ပေမယ့် ပါလ်မာကတော့ ဂျိမ်းစ်ရဲ့ ချီးကျူးမှတ်ချက် အပေါ် အပြည့်အဝ လက်မခံနိုင်တဲ့ အနေနဲ့ ” ကျွန်တော်တော့ ဒီလောက်ကြီးထိ မယူဆချင်သေးပါဘူး ။ ဒါပေမယ့် အခုလို ကြားရတာတော့ ဝမ်းမြောက်မိပါတယ် ။ ဒါတွေ အားလုံးဟာ ကျွန်တော့ အတွက် အသစ်အဆန်းတွေပါ ။ ”

” ဒါက ပရီးမီးယားလိဂ်မှာ ကျွန်တော် သေသေချာချာ ဖြတ်သန်းခွင့် ရတဲ့ ပထမဆုံး ဘောလုံးရာသီပါ ။ ဒါက အရမ်း အရေးကြီးတဲ့ နိုင်ပွဲ တပွဲ ဖြစ်ခဲ့ပါတယ် ။ အခုတော့ ကျွန်တော်တို့ နောက်လာမယ့် ပွဲကို အာရုံစိုက်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar