Sports Myanmar

ဖောရက်စ်နဲ့ ပွဲမှာ Super Sub ဖြစ်ခဲ့တဲ့ ချဲလ်ဆီး စတား တဦးရဲ့ ယူရို ပြိုင်ပွဲ ဆင်နွှဲနိုင်ခြေ အပေါ် သုံးသပ်ခန့်မှန်းသွားတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းဆင်းဇုန်ကနေ အပြည့် မလွတ်သေးတဲ့ နော်တင်ဟမ်ဖောရက်စ်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပေမယ့် ၊ နောက်ကျဂိုးတွေနဲ့ အတူ ၂ – ၃ ရလဒ်နဲ့ အနိုင်ရကာ ၊ အဆင့် ၆ နေရာက နယူးကာဆယ်နဲ့ ရမှတ်တူသွားပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ကာလရှည် ဒဏ်ရာက ပြန်လာတဲ့ ကလပ်အသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ် တယောက် မိနစ် ၂၀ ဝန်းကျင် လူစားဝင် ကစားခွင့် ရရှိခဲ့ကာ ၊ အဖိုးတန် အနိုင်ဂိုးအတွက်ပါ ဖန်တီးပေးခဲ့ပါတယ် ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်သာ ယုံကြည်မှု ရှိမယ်ဆိုရင် ရိစ်ဂျိမ်းစ်ဟာ ယူရိုသို့ ခေါ်ဆောင်လို့ ရနိုင်တဲ့ အထိ ကြံ့ခိုင်မှု ပြည့်နိုင်ကြောင်း ခုလိုပဲ ခန့်မှန်းလာပါတယ် ။

ပိုချက်တီနို က ” ကြီးကျယ်ပါတယ် ။ ကံမကောင်းတာက သူ့အတွက် ပရီးမီးယားလိဂ် ၂ပွဲ ၊ တပတ်စာပဲ အချိန်ရပါတော့မယ် ။ သူ့ခံစားချက်တွေ ပြန်လည် ရှင်သန်လာဖို့ ဒါက အရေးကြီးပါတယ် ။ သူဟာ ကျွန်တော်တို့ အတွက် တကယ် အရေးပါတဲ့ ကစားသမား တယောက်ပါ ။ ”

” သူဟာ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ပါ ။ ကျွန်တော်တို့ အားလုံး သူ့ကို ချစ်ကြပါတယ် ။ ဟုတ်ပါတယ် ။ သူ ယူရို ပြိုင်ပွဲကို ဆင်နွှဲနိုင်မလား ၊ ရှေ့ဆက် ကြံ့ခိုင်မှု အခြေအနေ တိုးတက်လာမလား ဆိုတာတော့ စောင့်ကြည့်ရပါဦးမယ် ။ ”

” ကျွန်တော်တို့မှာ နောက်တပတ် အလုပ်လုပ်ရပါဦးမယ် ။ ထရိန်နင်တွေမှာ သူ အဆင်ပြေပြေ ဖြတ်သန်းနေပါတယ် ။ ၄ ၊ ၅လ အကြာမှာ သူဟာ အရင်ကလို လေ့ကျင့်ဖို့ ၊ ပြိုင်ဆိုင်ဖို့ အထိတော့ မရသေးပါဘူး ။ ဒါပေမယ့် သူဟာ ရှေ့၂ပွဲမှာ ကစားဖို့ အလားအလာတော့ ရနိုင်ပါတယ် ။ ”

” သူ့ရဲ့ နိုင်ငံလက်ရွေးစင် နည်းပြကသာ သူ ယူရိုမှာ ပြိုင်ဆိုင်ဖို့ ခံနိုင်ရည် ရှိနေပြီလို့ ယုံကြည်ရင် သူ အသင့်ဖြစ်နေပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ပိုချက်တီနိုဟာ လက်ကျန် ၂ပွဲအလို ချဲလ်ဆီးရဲ့ ယူရိုပါလိဂ် ဝင်ခွင့် ရနိုင်ခြေနဲ့ ပတ်သက်ကာ အခုလိုပဲ သုံးသပ်ပြောဆိုသွားပါတယ် ။

ပိုချက်တီနို က ” ခင်ဗျားဟာ ဒီလို အရေအတွက်မျိုးကိုပဲ မြင်ချင်မှာပါ ။ ကျွန်တော်တို့ဟာ အဖွင့် ၁၀ပွဲမှာ အပြစ်ပေးခံခဲ့ရပါတယ် ။ ဒါက စွမ်းဆောင်ရည်ကြောင့် မဟုတ်ပဲ ၊ အဆုံးသတ် မသေချာတာကြောင့် ဖြစ်ပါတယ် ။ အဲဒီ ၁၀ပွဲမှာ ကျွန်တော်တို့ ၄မှတ်ကနေ ၈မှတ် အတွင်းထက် ပိုပြီး ရခဲ့သင့်ပါတယ် ။ ”

” အဲလိုသာဆိုရင် ကျွန်တော်တို့ဟာ အခုအချိန်မှာ လုံးဝ မတူညီတဲ့ အဆင့်မှာ ရပ်တည်နေမှာပါ ။ တော့တင်ဟမ်နဲ့ အဝေးကွင်းပွဲမှာ ကျွန်တော်တို့ဟာ အဖွင့် ၁၀ပွဲ ပြည့်မြောက်ခဲ့ပြီး ၊ အဲဒီ နောက်ပိုင်း ကျွန်တော်တို့ ၂၆ပွဲ ကစားခဲ့ရပါတယ် ။ အဲဒီကနေ စတွက်မယ်ဆိုရင် ကျွန်တော်တို့ဟာ အဆင့် ၄ ၊ ၅လောက်တော့ သေချာပေါက် ရခဲ့မှာပါ ။ ”

” ဒါက ခင်ဗျား မေးလို့ ဖြေရတာ မဟုတ်ပါဘူး ။ နောက်ဆုံး ၂၆ပွဲကို သုံးသပ်ကြည့်ဖို့ဆို ခင်ဗျားဟာ ကျွန်တော်တို့ ကြုံခဲ့ရတဲ့ အခက်အခဲ အခြေအနေ အရပ်ရပ်ကို ထည့်သွင်း စဉ်းစားရမှာပါ ။ အဲလိုသာဆို ကျွန်တော်တို့ဟာ အခုအချိန်မှာ အမြင့်ပျံသန်းတဲ့ အနေအထားဆီ ရောက်နေတာ ရှင်းပါတယ် ။ ”

” အဆင့်မြင့်မြင့်မားမား ရပ်တည်ပြီး ရာသီသိမ်းဖို့ ၊ နောက်ရာသီ အတွက် ဥရောပ ဝင်ခွင့် ရရှိဖို့နဲ့ နောက်ရာသီကို တောက်တောက်ပြောင်ပြောင် စတင်နိုင်ဖို့ လက်ရှိ စိန်ခေါ်မှု ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar