
အာဆင်နယ် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ထရောဆက်ဒ် က အိုးထရက်ဖိုဒ့် မှာ ကစားတဲ့ ပွဲမှာ ဂန်းနားတို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကံကောင်းပြီး အနိုင် ရသွားခဲ့တာ ဖြစ်တယ်လို့ ရွိုင်ကိန်း ရဲ့ ပြောကြားမှု အပေါ် ထိထိမိမိ ပြန်လည် တုန့်ပြန် သွားခဲ့ပါတယ် ။
ချန်ပီယံဆု အတွက် အရေးပါတဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ ကစားပုံ မကောင်းပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းကို ထရောဆက်ဒ် ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ အနိုင်ယူပြီး နောက်ဆုံး ပွဲစဉ် အထိ ရင်ခုန် ရတော့မှာ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း ရွိုင်ကိန်း က ပွဲအပြီး Sky Sports မှာ ” အာဆင်နယ် အသင်း အနေနဲ့ ဒီလောက်ဆိုးရွား စုတ်ပြတ်နေတဲ့ ယူနိုက်တက် နဲ့ ကစားခဲ့ ရတာကို အတော်လေး ကံကောင်းတာပဲလို့ တွေးမိနေလောက်မှာပါ ။ ယူနိုက်တက် က အဆုံးသတ် စွမ်းရည် မရှိ ၊ အရည်အသွေး မရှိ ၊ ဆုံးဖြတ်ချက် အမှားတွေ ၊ တစ်ဦးချင်း အမှားတွေ ၊ တစ်ယောက် နဲ့ တစ်ယောက် တောင်းဆိုမှု မရှိ ဖြစ်နေတဲ့ အသင်းပါ ။ ”
” ပွဲပြီးခါနီး မိနစ် ၃၀ လောက်မှာ ယူနိုက်တက် ကစားသွားတာက ညံ့ဖျင်း လွန်းပါတယ် ။ အာဆင်နယ် ကတော့ သူ့အလုပ် သူ လုပ်ပြီး ရမှတ် ၃ မှတ် ရယူ သွားခဲ့တာပါပဲ ၊ အာဆင်နယ် အနေနဲ့ ဒီလောက်ဆိုးရွားတဲ့ ယူနိုက်တက် နဲ့ ကစားခဲ့ရတယ် ဆိုတာကို မယုံနိုင်လောက်အောင် ဖြစ်နေမှာ သေချာပါတယ် ။ ”

” သူတို့ရဲ့ ဆုံးဖြတ်ချက် ၊ တစ်ယောက် နှင့် တစ်ယောက် တောင်းဆိုမှု လည်း မရှိ ဖေးမှု ကူညီမှုလည်း မရှိ ၊ အမှားတွေလုပ်ပီး လမ်းအေးဆေးလျှောက်နေကြတာက တကယ့်ကို စိတ်ပျက်စရာပါပဲ။ဆိုးရွား စုတ်ပြတ် လွန်းပါတယ်ဗျာ ။ ” လို့ ပြောကြား သွားခဲ့တာပါ ။
ထရောဆက်ဒ် ကတော့ သူတို့ အသင်းဟာ ကံကောင်းပြီး အနိုင် ရသွားခဲ့တာ မဟုတ်ဘူးလို့ ပွဲ အပြီး အင်တာဗျူးမှာ ပြန်လည် တုန့်ပြန် သွားခဲ့ပါတယ် ။ ” 1-0 နဲ့ နိုင်နေချိန်မှာ ပွဲက ပိုပြီး ခက်ခဲ ရှုပ်ထွေး သွားခဲ့ပါတယ် ။ ကျနော်တို့ ဒုတိယ ဂိုး ရဖို့ ကြိုးစား ပေမယ့် သူတို့ရဲ့ တန်ပြန်တိုက်စစ် ကလည်း အန္တရယ် များလွန်း လှပါတယ် ၊ ကျနော်တို့ရဲ့ ကောင်းမွန်တဲ့ နိုင်ပွဲဆက်မှုတွေ နဲ့ အတူ အခုတော့ နောက်ဆုံး နေ့အထိ ရောက်လာခဲ့ပါပြီ ၊ ဘာတွေ ဖြစ်လာမလဲ ခင်ဗျားတို့လည်း မသိ နိုင်ပါဘူး ။ ”

” မန်ယူနိုက်တက် က အသင်းကောင်း တစ်သင်းပါ။ ပုံစံမျိုးစုံ နဲ့ အသင်းကို ဒုက္ခ ပေးနိုင်စွမ်း ရှိတဲ့ အသင်းပါ ၊ ဒါကြောင့် ကောင်လေးတွေ အားလုံးကို ချီးကျူး ဂုဏ်ပြု ချင်ပါတယ် ၊ ကျနော်တို့မှာ လုပ်စရာ အလုပ် တစ်ခုတည်း ရှိခဲ့ပါတယ် ၊ အဲ့ဒါကတော့ ဒီနေ့ ပွဲကို အနိုင်ရအောင် ကစားဖို့ပါပဲ ၊ အလှပဆုံး နိုင်ပွဲ တစ်ပွဲတော့ မဖြစ်ခဲ့ပေမယ့် ကျနော်တို့ အတူတကွ စုစုစည်းစည်း နဲ့ ကစားနိုင်ခဲ့သလို ခံစစ် ကစားပုံလည်း ကောင်းမွန် ခဲ့ပါတယ်။ ”
” ကျနော်တို့ လုပ်စရာ ရှိတာတော့ လုပ်ပြီးပါပြီ ၊ လာမယ့် အပတ်က တကယ့်ကို ကြီးကျယ် ခမ်းနားမယ့် ရက်သတ္တပတ်ပါပဲ ၊ ကျနော်တို့ အောင်ပွဲ ခံနိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM