Sports Myanmar

ကက်စမဲရိုး ကို ဘာကြောင့် ခံစစ်ဗဟိုမှာ ဆက်သုံးနေရသလဲဆိုတာ ပြောပြလိုက်တဲ့ အဲရစ် တန်ဟတ်

 

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ် က သူ့အနေနဲ့ အခြား ရွေးချယ်စရာ မရှိတာကြောင့် ကက်စမဲရိုး ကို ဗဟို ခံစစ်မှူးအဖြစ် အသုံးပြု ခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ် ။ မန်ယူနိုက်တက် ဟာ ခံစစ်ဗဟိုလူတွေ ဒဏ်ရာပြဿနာ ကြုံတွေ့ နေရတာကြောင့် ကွင်းလယ်ခံစစ် ကစားတဲ့ ကက်စမဲရိုး ကို ခံစစ်မှူးအဖြစ် အသုံးပြုနေခဲ့ရပါတယ် ။

ယူနိုက်တက် ဟာ မနေ့ညတုန်းက အာဆင်နယ် အသင်းကို အိုးထရက်ဖိုဒ့် မှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး အဆင့် ၈ မှာ ဆက်လက် ရပ်တည်နေပါတယ် ။ အာဆင်နယ် ရဲ့ အနိုင်ဂိုးမှာ ကက်စမဲရိုး နောက်ကျကျန်ရစ် နေခဲ့မှုနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိလာခဲ့သလို ကက်စမဲရိုး ကို ခံစစ်ဗဟိုမှာ ဆက်သုံးနေတဲ့ အဲရစ် တန်ဟတ် ကိုလည်း ဝေဖန်သူတွေ ရှိခဲ့ပါတယ် ။

အဲရစ် တန်ဟတ် ဟာ ဒဏ်ရာကနေ သက်သာလာတဲ့ လူငယ် ခံစစ်သမားလေး ကမ်ဝါလာ ကို အသင်းကြီးနဲ့အတူ ခေါ်ဆောင်လာခဲ့ ပေမယ့် ဝါရင့် ခံစစ်မှူး ဂျွန်နီ အီဗန် နဲ့ ကက်စမဲရိုး တို့ကိုသာ ပွဲထုတ်ခဲ့ပါတယ် ။ ကမ်ဝါလာ ကတော့ ဒုတိယပိုင်းမှ လူစားလဲ ဝင်ရောက်လာခဲ့တာပါ ။

“ကျွန်တော့မှာ ရွေးစရာ မရှိခဲ့ဘူးလေ ။ ကမ်ဝါလာ က အခုမှ ပြန်သက်သာလာတာ ၊ ကြံ့ခိုင်မှု မပြည့်သေးဘူး ။ ဒီလိုပွဲမျိုးမှာ ပွဲထွက် ကစားဖို့ အဆင်သင့် မဖြစ်နေသေးပါဘူး ။ တော်မီနေး လား ၊ သူ့ကိုတော့ တခါမှ ခံစစ်မှာ မသုံးကြည့်ဖူးဘူး ၊ ဒါပေမယ့် ကြားတော့ ကြားမိပါတယ် ၊ အရမ်းလည်း ကောင်းခဲ့တယ်လို့ မဟုတ်ဘူးထင်တာပါပဲ”

MANCHESTER, ENGLAND – MAY 12: Declan Rice of Arsenal and Kobbie Mainoo of Manchester United during the Premier League match between Manchester United and Arsenal FC at Old Trafford on May 12, 2024 in Manchester, England.(Photo by Robbie Jay Barratt – AMA/Getty Images)X

“တော်မီနေး က ခံစစ်မှာ ထားတာထက် ကွင်းလယ်မှာ ၊ တိုက်စစ်ကို ပို လိုက်ပါနိုင်တဲ့ နေရာမှာ ထားတာက ပိုကောင်းမယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ် ။ ဘရူနို လည်း မနေ့ညက မပါခဲ့ဘူးလေ ။ အသင်းမှာ ဖြစ်နေခဲ့တဲ့ ပြဿနာက အဲ့ဒါပါပဲ” လို့ အဲရစ် တန်ဟတ် က ပွဲအပြီးမှာ ကက်စမဲရိုး ကို ခံစစ်မှာ နေရာချထားခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ဖြေရှင်းသွားခဲ့ ပါတယ် ။

မန်ယူနိုက်တက် ဟာ လက်ရှိ အမှတ်ပေး ဇယားရဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး လာမယ့် ကြားရက်မှာတော့ ပွဲကျန်အဖြစ် နယူးကာဆယ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဦးမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar