Eleven Media Group

မန်စီးတီးကစားသမားများသည် ဖိအားများကို နိုင်နင်းစွာကိုင်တွယ်နိုင်စွမ်းရှိကြပြီး လန်ဒန်သို့ နိုင်ပွဲရယူရန် သွားရောက်မည်ဟု ဂွါဒီယိုလာ ပြောကြား

Photo: Fabrizio

မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာက မိမိ၏ မန်စီးတီးကစားသမားများသည် ဖိအားများကို နိုင်နင်းစွာ ကိုင်တွယ်နိုင်စွမ်းရှိကြသည်ဟု ဖူလ်ဟမ်အသင်းအား (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲအပြီးတွင် ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နောက်ဆုံး(၇)ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး နည်းပြ ဂွါဒီယိုလာလက်ထက်၌ ရာသီအဆုံးသတ်ပိုင်း ပန်းဝင်ချိန်တွင် ရလဒ်ကောင်းများ ရယူနိုင်လေ့ရှိသည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။
ထို့ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည့် အာဆင်နယ်အသင်းကို တစ်ပွဲလျော့၊ တစ်မှတ်အကွာဖြင့် ဆက်လက်ဖိအားပေးနိုင်ခြင်းဖြစ်သည်။
မန်စီးတီးအသင်းအနေဖြင့် ယင်းကဲ့သို့ ရာသီအဆုံးသတ်ပိုင်းတွင် ပြိုင်ဘက်များထက် ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်းကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃)ရာသီဆက် ရယူနိုင်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ယင်းသို့ စွမ်းဆောင်နိုင်ခြင်းမှာ ကစားသမားများအနေဖြင့် ဖိအားများကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခြင်းကြောင့်ဖြစ်ကြောင်း ဂွါဒီယိုလာက သုံးသပ်ခဲ့ခြင်းဖြစ်သည်။
''ထိပ်တန်းကစားသမားတွေက ကြီးမားတဲ့ ဖိအားတွေနဲ့ ပျော်ရွှင်စွာယှဉ်ပြိုင်ကစားကြပါတယ်။ မန်စီးတီးကစားသမားတွေကလည်း ဖိအားတွေနဲ့ ယှဉ်ပြိုင်ကစားရတာကို နှစ်ခြိုက်တယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဒါဟာ ထူးခြားတဲ့ ပင်ကိုအရည်အသွေးတွေပါ။ တစ်နည်းအားဖြင့်တော့ အဲဒီလိုအဆင့်မျိုးနဲ့ မကစားနိုင်ဘူးဆိုရင် ပြိုင်ပွဲမှာ ရှုံးနိမ့်ရမှာပါပဲ။ မန်စီးတီးကစားသမားတွေက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အဲဒီလိုလုပ်နိုင်ခဲ့ပြီး အခုလည်း ထပ်မံလုပ်ဆောင်နေပါ တယ်''ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိရန် အာဆင်နယ်အသင်းထက် အလားအလာပိုကောင်းနေပြီး လက်ကျန်နှစ်ပွဲတွင် အမှတ်ဆုံးရှုံးမှုမရှိခဲ့ပါက ပရီးမီးယားလိဂ်ချန်ပီယံဆုကို စံချိန်တင်အဖြစ် (၄)ရာသီဆက်တိုက် ဆွတ်ခူးရယူနိုင်မည်ဖြစ်သည်။
ယင်းအခြေအနေနှင့်ပတ်သက်၍လည်း ဂွါဒီယိုလာက ''အာဆင်နယ်အသင်း အက်စတွန်ဗီလာအသင်းကို ရှုံးနိမ့်ခဲ့ချိန် ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ကျွန်တော်တို့ ပြောခဲ့ပါတယ်။ နောက်ဆုံးပွဲတွေက ကျွန်တော်တို့လက်ထဲ ရောက်လာပြီလို့။ ကျွန်တော်တို့ မန်ချက်စတာကို ပြန်မယ်။ ပြီးတော့ လန်ဒန်ကို ပြန်လာပြီး စပါးအသင်းနဲ့ ဗိုလ်လုပွဲကစားမယ်။ ဗိုလ်လုပွဲအကြီးစားကတော့ ကျွန်တော်တို့ရဲ့ ချန်ပီယံဆုကို ထိန်းသိမ်းနိုင်အောင် ကြိုးစားဖို့ပါပဲ''ဟု ပြောကြားခဲ့ သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုကို အများဆုံးအဖြစ် (၃)ရာသီဆက် ရယူနိုင်သည့်အသင်းသာ ရှိဖူးပြီး မန်စီးတီးအသင်းအနေဖြင့် ယခုရာသီတွင် ချန်ပီယံဆု ရယူနိုင်ခဲ့ပါက ပထမဆုံးသော(၄)ရာသီဆက် ချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
ယခင်က ချန်ပီယံဆု (၃)ရာသီဆက် ရယူနိုင်ခဲ့သည့်အသင်းမှာ မန်ယူအသင်းဖြစ်ပြီး ဖာဂူဆန်လက်ထက်တွင် နှစ်ကြိမ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့သည့် ၂၀၁၆-၁၇ ရာသီမှ ၂၀၂၂-၂၃ (၇)ရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၅)ကြိမ်အထိ ရယူပေးနိုင်ခဲ့သူဖြစ်သည်။

မူရင်းသတင်း — Eleven Media Group