Eleven Media Group

ပရိသတ်များရှေ့မှောက်၌ ရာသီနောက်ဆုံးနေ့အထိ ရှင်သန်နိုင်ရန် အိပ်မက်သေတ္တာကို ဖွင့်လှစ်နိုင်ခဲ့ပြီဟု အာတီတာ ကြုံးဝါး

Photo: X

မန်ယူအသင်းအား အနိုင်ရပြီးနောက် အာဆင်နယ်အသင်းနည်းပြ အာတီတာက ပရိသတ်များရှေ့မှောက်၌ ရာသီနောက်ဆုံးနေ့အထိ ရှင်သန်နိုင်ရန် အိပ်မက်သေတ္တာကို ဖွင့်လှစ်နိုင်ခဲ့ပြီဟု ကြုံးဝါးပြောဆိုခဲ့သည်။
မေ ၁၂ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) တွင် အာဆင်နယ်အသင်းက မန်ယူအသင်းအား အဝေးကွင်း၌ (၀-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယင်းပွဲရလဒ်ကြောင့် စပါး-မန်စီးတီး ပွဲကျန်တွင် မည်သည့်ရလဒ်ထွက်ပေါ်သည်ဖြစ်စေ ပရီးမီးယားလိဂ်ချန်ပီယံဆုမှာ ရာသီပိတ်နောက်ဆုံးပွဲစဉ်မှ အဖြေထွက်ပေါ်မည်ဖြစ်သည်။
သို့ဖြစ်ရာ အာတီတာက ''သူတို့လုပ်နိုင်မယ်လို့ (စပါးအသင်းက မန်စီးတီးအား အမှတ်လျော့အောင် ကစားနိုင်ရန် မျှော်လင့်သည်ဟု ရည်ရွယ်ခြင်းဖြစ်) မျှော်လင့်ပါတယ်။ အသင်းအားလုံးက ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ကျွန်တော်တို့အတွက် ရလဒ်တစ်ခုလိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရာသီနောက်ဆုံးနေ့အထိ ကိုယ့်ပရိသတ်တွေရှေ့မှောက်မှာ ရှင်သန်နိုင်ဖို့ အိပ်မက်သေတ္တာကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့က အဲဒီအခိုက်အတန့်အထိ ရှင်သန်ချင်တာပါ။ အဲဒီအချိန်အထိ ရှင်သန်နိုင်ဖို့ဆိုတာ ကျွန်တော်တို့လျှောက်လာတဲ့ ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီနေ့မှာ ကျွန်တော်တို့ တံခါးကို ဖွင့်လှစ်ချင်ခဲ့တယ်။ ကျွန်တော်တို့ အတူနေထိုင်ခဲ့ကြတဲ့ အလှပဆုံးနေ့ရက်တွေထဲက တစ်ရက်ကို အတူဖြတ်သန်းကြရမှာဖြစ်ပြီး ဘာတွေဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။ ဘောလုံးဆိုတာ ဒါပါပဲ။ ဖြစ်နိုင်ခြေဆိုတာ အမြဲတမ်းရှိပါတယ်။ ဒီနေရာ (အိုးလ်ထရက်ဖို့ဒ်ကွင်း) မှာ အနိုင်ရဖို့ ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ အဲဒါကြောင့် နှစ် ၂၀ အတွင်းမှာ ကျွန်တော်တို့ နှစ်ပွဲပဲ အနိုင်ရဖူးတာပါ။ ကျွန်တော်တို့ ပွဲကို ကောင်းကောင်းစတင်နိုင်ခဲ့ပေမဲ့ ဂိုးရသွားတာက အနုတ်လက္ခဏာပုံစံမျိုး သက်ရောက်စေခဲ့တယ်လို့ ကျွန်တော်ထင်တယ်'' ဟု ပြောကြားခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group