
မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ရလဒ်ဆိုးများ ရင်ဆိုင်နေရခြင်းအတွက် ဒဏ်ရာပြဿနာများကို အပြစ်တင်ခဲ့ပြီး လက်နှစ်ဖက်ကို ကျောဘက်တွင်ထား၍ ရေကူးရသလိုဖြစ်နေကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းအနေဖြင့် ဒဏ်ရာပြဿနာများကြောင့် မေ ၁၂ ရက်က အာဆင်နယ်အသင်းနှင့်ကစားသည့်ပွဲကို ပထမအသင်း ကစားသမား ၁၀ ဦးအထိ လွဲချော်ခဲ့ရသည်။
မန်ယူအသင်းသည် ယခုရာသီ အိမ်ကွင်း၌ ပြိုင်ပွဲစုံကိုးပွဲအထိ ရှုံးနိမ့်ထားပြီး အသင်းသမိုင်းတစ်လျှောက် အိမ်ကွင်းရှုံးပွဲအများဆုံးစံချိန်နှင့် တူညီသွားပြီဖြစ်သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ခေတ်တွင် တစ်ရာသီအတွင်း အိမ်ကွင်းရှုံးပွဲ ကိုးပွဲကြုံတွေ့ဖူးခြင်း မရှိဘဲ ၁၉၂၀-၁၉၂၁၊ ၁၉၃၀-၁၉၃၁၊ ၁၉၃၃-၁၉၃၄၊ ၁၉၆၂-၁၉၆၃၊ ၁၉၇၃-၁၉၇၄ ရာသီ များတွင်သာ ကြုံတွေ့ခဲ့ဖူးသည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ အဲရစ်တန်ဟက်ဂ်က ''ဘယ်မန်နေဂျာမဆို အမြဲတမ်း ပိုကောင်းအောင် လုပ်နိုင်ကြပါတယ်။ ကျွန်တော်ကတော့ ဒီမှာရှိနေတဲ့နှစ်နှစ်အတွင်းမှာ ကစားသမားအစုံအလင် တစ်ကြိမ်ပဲရှိဖူးပါတယ်။ ဒဏ်ရာတွေအများကြီးရှိနေတဲ့အသင်းကို တိုးတက်အောင် လုပ်လို့မရပါဘူး။ အဲဒါက ခင်ဗျားရဲ့လက်တွေကို ကျောဘက်မှာထားပြီး ရေကူးနေရသလိုမျိုးပဲ။ ခင်ဗျားအနေနဲ့ ကိုယ့်ရဲ့ခေါင်းကို ရေပေါ်မှာထားနိုင်ရမယ်။ ကျွန်တော်တို့က အဲဒါကိုလုပ်နိုင်ဖို့ ကြိုးစားနေတာပါ။ အခုလိုအခြေအနေမျိုးက မဖြစ်သင့်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က ကြုံတွေ့နေရတဲ့ ပြဿနာအားလုံးဆီကို ပြန်လာပြီးတော့ စွမ်းဆောင်ရည်ကို သုံးသပ်လေ့လာပါတယ်။ ကျွန်တော်တို့အနေနဲ့ သေချာယှဉ်ပြိုင်နိုင်တယ် ဆိုတာ ခင်ဗျားတွေ့ပါတယ်။ ဒါပေမဲ့ ခင်ဗျား လိုချင်တာက ဒါမဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ပွဲရတာ၊ ပွဲအားလုံးအနိုင်ရတာကို လိုချင်တာပါ။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်တို့က အဲဒီလိုအခြေအနေမရှိပါဘူး။ ဒဏ်ရာတွေနဲ့ ဒီအသင်းက အဲဒီလို လုံးဝမဖြစ်နိုင်ပါဘူး'' ဟု ပြောကြားသည်။
ထို့ပြင် လာမည့်ရာသီ ဥရောပပြိုင်ပွဲ ဝင်ခွင့်မျှော်လင့်ချက်အပေါ် ၎င်းက ''ကျွန်တော်တို့ လွဲချော်ခဲ့မယ်ဆိုရင် တော်တော်ထိခိုက်မှာပါ။ ကျွန်တော်တို့က အဲဒီလိုအခြေအနေမျိုးထဲ ရောက်နေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဝင်ခွင့်နေရာကို ရနိုင်ပါသေးတယ်။ ကျွန်တော်တို့မှာ ပြဿနာတွေ ကြီးကြီးမားမားရှိနေတာကို အားလုံးသိကြပေမဲ့ ဒီအခွင့်အရေးကို အရယူဖို့ ရင်ဆိုင်တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့က ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ ထိုက်တန်ပါတယ်။ အထူးသဖြင့် ပရိသတ်တွေပေါ့။ တနင်္လာနေ့က (ပဲလေ့စ်နှင့်) ပွဲအပြီးမှာ သူတို့က ကျွန်တော်တို့နောက်ကို လိုက်လာခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့အခြေအနေကို သူတို့ နားလည်ပါတယ်။ ဒီနေ့မှာ ပွဲစကတည်းက အားပေးခဲ့ကြပြီး အသင်းက အားပေးမှုတွေ လိုအပ်နေတာ သူတို့သိတယ်။ ကျွန်တော်တို့က စည်းလုံးမှုရှိပြီး အဲဒါက အရမ်းကောင်းပါတယ်'' ဟု ဆက်လက်ပြောကြားသည်။