Sports Myanmar

ခြင်္သေ့ပြာ ကြယ်ပွင့် တဦးကို တွန်းအားပေးဖို့ ကြီးမားတဲ့ အားဖြည့်မှု လုပ်သွားရန် ချဲလ်ဆီးထံ တိုက်တွန်းလိုက်တဲ့ အလန်ရှီးယား

ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် ရာသီသိမ်းဖို့ လက်ကျန် ၂ပွဲ အလိုမှာ ယူရိုပါလိဂ် ဝင်ခွင့် တနေရာ အတွက် အနီးစပ်ဆုံး အနေအထားဆီ ရောက်ရှိလာခဲ့ပြီး ၊ စနေနေ့က ၄င်းတို့ဟာ တန်းတင်ကျန်ရစ်ဖို့ သေချာလုနီး ဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းကို နောက်ကျဂိုးတွေနဲ့ အတူ ၂ – ၃ ရလဒ်နဲ့ comeback အနိုင်ရခဲ့ပါတယ် ။

ထိုပွဲမှာ အထောင်တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ဟာ အဖိုးတန် အနိုင်ဂိုးကို လူစားဝင် ကလပ် အသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ်ထံမှ ဖြတ်တင်ဘောအား ခေါင်းတိုက် အဆုံးသတ် သွင်းယူပေးခဲ့ပါတယ် ။ သို့ပေမယ့် ၄င်းဟာ ယင်းသွင်းဂိုး မတိုင်ခင် အတော်လေး ရုန်းကန်ခဲ့ရပြီး ၊ ဘောလုံး ပေးပိုပုံ လွဲချော်တာတွေ ၊ အဆုံးသတ် မသေချာတာတွေနဲ့ ကြုံခဲ့ရပါတယ် ။

နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ ချဲလ်ဆီး အနေနဲ့ လာမယ့် နွေရာသီမှာ ဂျက်ဆင်ကို တွန်းအားပေးနိုင်ဖို့ နာမည်ကြီး အထောင်တိုက်စစ်မှူး တဦး အားဖြည့်ရမယ့် အကြောင်း တိုက်တွန်းရင်း ၊ ယင်းဆီနီဂေါသားဟာ အနာဂတ်မှာ သေချာပေါက် ပိုကောင်းလာဦးမယ်လို့လည်း ဟောကိန်းထုတ်သွားပါတယ် ။

BBC Match of the Day အစီအစဉ်မှာ ရှီးယား က ” ဒီနေ့ပွဲဟာ သူ့ရဲ့ ဒီရာသီ စွမ်းဆောင်ရည်ကို ခြုံငုံ သုံးသပ်ပေးလိုက်သလိုပါပဲ ။ ကောင်းတဲ့ အရာလေးတွေ ရှိခဲ့မယ် ၊ ဆိုးတဲ့ အရာလေးတွေ ရှိခဲ့မယ် ။ သူဟာ သေချာပေါက် ကျောက်ရိုင်းတုံးပါပဲ ။ ဒါပေမယ့် သူ့မှာ ကြီးမားတဲ့ အလားအလာ ရှိပါတယ် ။ ”

” သူဟာ ဘောလုံးနဲ့ အတူ ဆွဲပြေးတဲ့ နေရာမှာ ၊ ဘောလုံး မျှောတင်တဲ့အခါ ပြေးတက်သွားတဲ့ နေရာမှာ တကယ် တော်ပြီး ပါးနပ်မှု ရှိပါတယ် ။ ဒါပေမယ့် ( ပြိုင်ဖက်ခံစစ် Final Third Zone မှာ သူ့ရဲ့ final pass ) ဒီလို အသေးအဖွဲ အရာလေးတွေ ၊ ရိုးရှင်းတဲ့ ဆုံးဖြတ်ချက် ချတဲ့ နေရာ ၊ ဘယ်အချိန်မှာ ဘယ်လို ဘောလုံး ဖြန့်ရမယ် စတာလေးတွေမှာ အားနည်းမှု ရှိနေပါတယ် ။ ”

” တခါတလေကျရင် အလွယ်ဆုံး အရာတွေက လုပ်ရတာ အခက်ဆုံး ဖြစ်နေတတ်ပါတယ် ။ ဒါဟာ သူ့အနေနဲ့ အနားသတ်ပေးဖို့ လိုတဲ့ နောက်ဆုံးအရာပါပဲ ။ သူဟာ ၂၂နှစ်ပဲ ရှိသေးပြီး ၊ ၂၉ပွဲကစား ၁၄ဂိုး သွင်းပေးထားပါတယ် ။ ဒါက အားရစရာကောင်းတဲ့ ငွေကြေးသုံးစွဲမှုက ပြန်ရလိုက်တဲ့ အရာပါပဲ ။ ”

” တခါတလေ သူ့ကို ဝေဖန်နေတာတွေက နည်းနည်းတော့ မမျှတပါဘူး ။ သူ့ကို တခါတလေ အရန်ခုံ ပို့ဖို့ လိုပေမယ့် ချဲလ်ဆီး အထောင်တိုက်စစ်မှာ အရန်အင်အား မရှိနေတာကြောင့် သူ့ကို အနားပေးဖို့ မဖြစ်နိုင်ပါဘူး ။ သူ ရှေ့ဆက် လေ့လာသင်ယူလာပါလိမ့်မယ် ။ ဒီထက် ပိုကောင်းလာပါလိမ့်မယ် ။ ”

” သူတို့ နောက်ထပ် တိုက်စစ်မှူး တယောက် သေချာပေါက် ခေါ်ရပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ သူဟာ ပုံမှန် ပွဲထွက်တိုက်စစ်မှူး ဖြစ်ဖို့ အဆင်သင့် မဖြစ်သေးလို့ပါ ။ သူဟာ ပုံမှန် ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသဖို့ လိုပါသေးတယ် ။ ”

” ဒါကြောင့် ကျွန်တော်တို့ဟာ သူ တိုးတက်နိုင်မယ့် နေရာတွေ အကြောင်း တခါတလေ ဝေဖန်ထောက်ပြရတာပါ ။ ဒါပေမယ့် နံပါတ် ၉ တယောက်သာ ထပ်ရှိဦးမယ်ဆိုရင် ၊ သူနဲ့ အတူ အလုပ်တွဲလုပ်မယ့် နာမည်ကြီး တိုက်စစ်မှူးမျိုးပေါ့ ။ ဒါဆိုရင် သူ ဒီထက် သေချာပေါက် ပိုကောင်းလာမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar