
စပါးအသင်း၏နည်းပြ ပိုစတီကိုဂလူးက မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲ၌ မိမိတို့အသင်း ရှုံးနိမ့်စေရန် လိုလားနေကြသော စပါးအသင်းပရိသတ်များကို နားမလည်နိုင်အောင်ဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
စပါးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)၏ ပွဲကျန်အဖြစ် အင်္ဂါနေ့(ယနေ့)တွင် အိမ်ကွင်း၌ မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယင်းပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ်အသင်းနှင့် အပြိုင်လုနေရသော မန်စီးတီးအသင်းအတွက် အလွန်အရေးပါသည့်ပွဲဖြစ်ပြီး အနိုင်မရရှိဘဲ အမှတ်လျော့ခဲ့ပါက အာဆင်နယ်အသင်းက အားသာချက်ရရှိသွားမည်ဖြစ်သည်။
ထို့ကြောင့် စပါးအသင်း၏ပရိသတ်အချို့က မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခြင်းမရှိစေရန်အတွက် မန်စီးတီးနှင့်ပွဲတွင် စပါးအသင်း ရှုံးနိမ့်စေရန် လိုလားနေကြခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ပိုစတီကိုဂလူးက အဆိုပါစိတ်ခံစားချက်မှာ မဖြစ်သင့်သည့်အခြေအနေဖြစ်ကြောင်း ဆိုခဲ့သည်။
''ကျွန်တော်က ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ပြိုင်ဘက်တွေဖြစ်တဲ့ ဆဲလ်တစ်နဲ့ ရိန်းဂျားစ်တို့ရဲ့ ပြိုင်ဆိုင်မှုမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ ပြိုင်ဘက်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကိုယ့်အသင်းကို ရှုံးနိမ့်စေချင်တာမျိုးကိုတော့ ဘယ်တုန်းကမှ နားမလည်နိုင်ခဲ့သလို၊ ဘယ်တော့မှလည်း နားလည်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားကစားကိုချစ်တယ်၊ ဘောလုံးကို ချစ်တယ်ဆိုတာက ရင်ဆိုင်ရမယ့်ပြိုင်ဘက်တွေကို အနိုင်ရရှိအောင် ပြိုင်ဆိုင်နိုင်ဖို့ပါ။ ကျွန်တော့်တာဝန်က ဒီအသင်းကို အောင်မြင်မှု ရယူပေးနိုင်ဖို့ဖြစ်ပြီး (၁၀၀)ရာခိုင်နှုန်းသော စပါးပရိသတ်တွေကလည်း ပွဲတွေ အနိုင်ရဖို့၊ အောင်မြင်မှုတွေရရှိဖို့၊ ဆုဖလားတွေရရှိဖို့ဆိုတာ ကျွန်တော် သိထားပါတယ်။ ဒါကြောင့် မန်စီးတီးကို အနိုင်ယူနိုင်ခဲ့ရင် ပရိသတ်တွေ ပျော်ရွှင်ရလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်''ဟု ပိုစတီကိုဂလူးက ပြောကြားခဲ့သည်။
ထို့ပြင် ပိုစတီကိုဂလူးက စပါးပရိသတ်များအနေဖြင့် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းအား အကူအညီဖြစ်သွားစေနိုင်သည်ဆိုသည့်အတွေးမျိုး မတွေးသင့်ကြောင်းနှင့် ထိပ်သီးပြိုင်ဘက်များအား မိမိတို့အသင်း အနိုင်ယူနိုင်ရန်သာ အာရုံစိုက်သင့်ကြောင့်လည်း ဆိုခဲ့သည်။