
မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာသည် လက်ရည်စစ်ပွဲအောင်မြင်ပြီး ဇူလိုင်တွင် ပြင်သစ်နိုင်ငံကျင်းပမည့် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သည် ပါရီအိုလံပစ်ပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲကာလကို ၂၀၂၃ ခုနှစ် မေ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီ ၂၈ ရက်အထိ သတ်မှတ်ခဲ့ ပြီး ယင်းကာလအတွင်းကျင်းပသည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မှုနှင့် အောင်မြင် မှုများရရှိမှုအပေါ် မူတည်၍ ရမှတ်တွက်ချက်ကာ အဆင့်သတ်မှတ်ခြင်းဖြစ်သည်။
ပါရီ အိုလံပစ် ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်တွင် ကစားသမား ၃၉ ဦး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး လက်ရည်စစ်ပွဲအောင်မြင်သူ ၃၂ ဦး၊ တိုက်ကြီးများအလိုက် ကိုယ်စားပြု ဝင်ခွင့်ရသူနှင့် ဖိတ်ကြားခံကစားသမား ခုနစ်ဦး ပါဝင်မည်ဖြစ်သည်။
လက်ရည်စစ်ပွဲအဆင့် သတ်မှတ်ချက်တွင် အဆင့် ၁ မှ ၁၆ အတွင်း ရပ်တည်နေသူများအနက် တစ်နိုင်ငံလျှင် အများဆုံး နှစ်ဦး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သော်လည်း အဆင့် ၁၇ နောက်ပိုင်း ရပ်တည်သူများအနေဖြင့် တစ်နိုင်ငံလျှင် အများဆုံး တစ်ဦးသာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ရာ သက်ထားသူဇာသည် ရမှတ် ၃၂၆၃၀ ဖြင့် အဆင့် ၂၂ နေရာတွင် ရပ်တည်ကာ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ပါရီအို လံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရသူ ၃၉ ဦးတွင် အာဆီယံနိုင်ငံများမှ ခုနစ်ဦးသာ ပါဝင်ပြီး ထိုင်းမှ နှစ်ဦး၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မြန်မာ၊ စင် ကာပူနှင့် မလေးရှားတို့မှ တစ်ဦးစီ ပါဝင်ကြောင်း သိရသည်။ သက်ထားသူဇာသည် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင်လည်း လက်ရည်စစ်ပွဲအောင်မြင်ပြီး ယှဉ်ပြိုင်ခွင့်ရရှိခဲ့ရာ အိုလံပစ်ပြိုင်ပွဲ နှစ်ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရသည့် မြန်မာကြက်တောင်အားကစားမယ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ သက်ထားသူဇာ သည် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရခဲ့သဖြင့် မှတ်တမ်းကောင်း ထပ်မံပိုင်ဆိုင်ခဲ့ပြီး မြန်မာကြက်တောင်အားကစားသမိုင်းတွင် အိုလံပစ်ပြိုင်ပွဲ နှစ်ကြိမ်ဆက် ယှဉ်ပြိုင်ခွင့်ရသူဖြစ်လာခဲ့သည်။
သက်ထားသူဇာသည် တိုကျိုအိုလံပစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိပြီးနောက် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ဆက်လက်ယှဉ် ပြိုင်ခွင့်ရရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ အိုလံပစ်ပြိုင်ပွဲတွင် ဆက်တိုက်ယှဉ်ပြိုင်ခွင့်ရရန်အတွက် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က စီစဉ် ကျင်းပသည့် ပြိုင်ပွဲများတွင် စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အာရှဒေသတွင်း နိုင်ငံများအပြင် ဥရောပနိုင်ငံများအထိ သွားရောက်ကာ ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
သက်ထားသူဇာသည် နှစ်စဉ် ဥရောပ နိုင်ငံများသို့ တစ်လဝန်းကျင် သွားရောက်၍ ပြိုင်ပွဲများစွာ သွားရောက်ယှဉ်ပြိုင်ခဲ့သလို အာရှနိုင်ငံများတွင် ကျင်းပသည့် အဆင့်သတ်မှတ်ချက်မြင့်မားသည့် ပြိုင်ပွဲများတွင်လည်း ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သက်ထားသူ ဇာသည် ယင်းကာလအတွင်း ပြိုင်ပွဲစုစုပေါင်း ၂၃ ခု ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုရယူနိုင်ခြင်း မရှိသော်လည်း တတိယနှစ်ကြိမ်အပါအဝင် အဆင့်သတ်မှတ်ချက် မြင့်မားသည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သဖြင့် ရမှတ်များစွာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။