
မန်စီးတီးနည်းပြ ဂွါဒီယိုလာက စပါးအသင်းအား အနိုင်ရသည့်ပွဲတွင် စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်၏ကန်ချက်ကို လူစားဝင်ဂိုးသမား အော်တေဂါသာ မကာကွယ်နိုင်ခဲ့ပါက အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားမည်ဟု ဝန်ခံပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် မေ (၁၄)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)ပွဲကျန်တွင် စပါးအသင်းကို (၂-ဝ)ဂိုးဖြင့် အနိုင်ရပြီးနောက် ရမှတ်(၈၈)မှတ်ဖြင့် အမှတ်ပေး ဇယားထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယနေရာမှ အာဆင်နယ်(၈၆ မှတ်)ကို (၂) မှတ်ဖြတ်နိုင်ခဲ့သည်။
ထို့ကြောင့် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် ချန်ပီယံဆုကို (၄)ရာသီဆက်တိုက် ရယူနိုင်ခဲ့သည့် ပထမဆုံးအသင်းအဖြစ် စံချိန်သစ်တင်နိုင်ရန် နီးစပ်နေပြီဖြစ်သည်။ သို့သော် မန်စီးတီးအနေဖြင့် ယခုကဲ့သို့ ပရီးမီးယားလိဂ်ချန်ပီ ယံဆုကိုရယူနိုင်ရန် နီးစပ်ခဲ့ခြင်းမှာ စပါးအသင်းအား အနိုင်ရသည့်ပွဲတွင် ဒဏ်ရာရခဲ့သည့် ဂိုးသမား အီဒါဆန်အစား အော်တေဂါလူစားဝင်ရောက်ပြီးနောက် ပွဲပြီးခါနီးတွင် စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်၏ကန်ချက်ကို ကာကွယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
အဆိုပါပွဲစဉ်၌ မန်စီးတီးအသင်း (၁-ဝ)ဂိုးဖြင့် ဦးဆောင်နေချိန်ဖြစ်သည့် ပွဲချိန် (၈၆) မိနစ်တွင် စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် ဂိုးသမားနှင့် တစ်ဦးချင်းတွေ့ဆုံ ကန်သွင်းခွင့်ရခဲ့သော်လည်း ၎င်း၏ကန်ချက်ကို လူစားဝင်မန်စီးတီးဂိုးသမား အော်တေဂါက ကာကွယ်နိုင်ခဲ့သည်။
ယင်းနောက် မိနစ် (၉၀) ပြည့်ပြီး နာကျင်အချိန်ပို (၁) မိနစ်တွင် ဟာလန်းက ပယ်နယ်တီမှတစ်ဆင့် မန်စီးတီးအတွက် ဒုတိယဂိုးသွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် (၂-ဝ)ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပွဲအပြီးတွင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက "အော်တေဂါဟာ ပြိုင်ဘက်နဲ့တစ်ဦးချင်းတွေ့ဆုံတဲ့အနေအထားမှာ ကျွန်တော့်ဘဝတစ်လျှောက်မြင်ဖူးတဲ့ အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ သူ အရမ်းအား ကိုးရပါတယ်။ သူ့ကို လူစားဝင်စေခဲ့တဲ့ ကျွန်တော်တို့ဂိုးနည်းပြ(ဇာဘီမန်စီဆီဒေါ)ရဲ့ဆုံးဖြတ်ချက်ကလည်း အံ့မခန်းပါပဲ။ တကယ်လို့ အော်တေဂါသာ (ဆန်ဟောင်မင်ရဲ့ကန်ချက်ကို) မကာကွယ်နိုင်ခဲ့ဘူးဆိုရင် အာဆင်နယ် ချန်ပီယံဖြစ်သွားပါပြီ" ဟု ပြောကြားခဲ့သည်။