
စပါးနည်းပြ ပိုစတီကိုဂလူးသည် မန်စီးတီးအား အိမ်ကွင်း၌ ရှုံးနိမ့်သည့်ပွဲတွင် အခါးသီးဆုံး မြောက်လန်ဒန်ဒါဘီ ပြိုင်ဘက်အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလားမရစေရန်အတွက် မန်စီးတီးအသင်းကို အားပေးခဲ့ကြသည့် အသင်းပရိသတ်များအား ဒေါသထွက်ခဲ့ကြောင်း သိရသည်။
မေလ (၁၄)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲကျန် စပါး (ဝ-၂) မန်စီးတီးပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေသည့် အာဆင်နယ်နှင့် မန်စီးတီးတို့အတွက် အလွန်အရေးပါသည့်ပွဲဖြစ်ခဲ့သည်။
စပါးပရိသတ်များသည် ပရီးမီးယားလိဂ်ချန်ပီယံလုပွဲတွင် ၎င်းတို့၏ အခါးသီးဆုံးမြို့ခံပြိုင်ဘက်အာဆင်နယ်အသင်း အလေးမသာသွားစေရန် အဆိုပါပွဲစဉ်တွင် မန်စီးတီးအသင်းကို အားပေးခဲ့ကြကြောင်း သိရှိရသည်။
စပါးပရိသတ်များသည် မန်စီးတီးနှင့်ပွဲမတိုင်မီကတည်းက အာဆင်နယ်အသင်း ဖလားမရစေရန် ၎င်းတို့အသင်းကို ရှုံးစေလိုသည်ဟု ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ကြပြီး တကယ်ပွဲကစားချိန်တွင်လည်း မန်စီးတီးအသင်းကို အားပေးခဲ့ကြကြောင်း သိရသည်။
စပါးပရိသတ်များသည် အဆိုပွဲစဉ်၌ ပွဲချိန် (၅၁) မိနစ်တွင် မန်စီးတီးအတွက် ဟာလန်း အဖွင့်ဂိုးသွင်းချိန်၌ အောင်ပွဲခံကြပြီး "မင်း ကြည့်နေလား အာဆင်နယ်"ဟု အော်ဟစ်ခဲ့ကြကြောင်း သိရှိရသည်။
စပါးနည်းပြ ပိုစတီကိုဂလူးသည် ကိုယ့်အသင်းကို အားပေးခြင်းမရှိဘဲ ပြိုင်ဘက် မန်စီးတီးအသင်းကို အားပေးခဲ့ကြသည့် အသင်းပရိသတ်များကို ဒေါသပေါက်ကွဲခဲ့ပြီး ပွဲချိန်အတွင်းတွင် အသင်းပရိသတ်များကို ရန်တွေ့ခဲ့သည့် ဗီဒီယိုဖိုင်များမှာလည်း လူမှုကွန်ရက်များတွင် ပျံံ့နှံ့ခဲ့သည်။
ထို့ပြင် ပိုစတီကိုဂလူးက မိမိအနေဖြင့် စပါးနှင့် အာဆင်နယ်အသင်း၏ပြိုင်ဆိုင်မှုကိုဂရုမစိုက်ကြောင်းနှင့် စပါးအသင်းကို အောင်မြင်စေလိုကြောင်း ပြောကြားခဲ့သည်။
ပိုစတီကိုဂလူးက "စပါး-အာဆင်နယ် ပြိုင်ဆိုင်မှုကို စိတ်မဝင်စားပါဘူး။ ဂရုလည်း မစိုက်ပါဘူး။ ဘယ်အသင်းပဲ ဖြစ်ဖြစ် ပြိုင်ဘက်ကို နိုင်ချင်တယ်။ ကျွန်တော့်အနေနဲ့ ဒီအသင်းမှာ အောင်မြင်ချင်တယ်။ ဒါကြောင့် ဒီအသင်းကို ကျွန်တော် လာခဲ့တာပါ" ဟု ပြောကြားခဲ့သည်။