Sports Myanmar

မူဒရစ်ရဲ့ ဦးခေါင်းထိခိုက်မှု အခြေအနေ အကြောင်း အသိပေးရင်း ၊ ဘရိုက်တန်နဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ချဲလ်ဆီး စတား တဦး အပေါ် ချီးကျူးသွားတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲကျန်မှာ ဘရိုက်တန် အသင်းကို အဝေးကွင်းမှာ ၁ – ၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။ ဒီပွဲမှာ ၃မှတ် အပြည့် ရယူနိုင်ခဲ့တဲ့ ချဲလ်ဆီးဟာ အဆင့် ၆ သို့ တက်လှမ်းခဲ့သလို ၊ ရာသီပိတ်ပွဲမှာ ကံတရားဖေးမှုတွေသာ ရှိခဲ့ရင် ၊ အဆင့် ၅ နဲ့ အဆုံးသတ်ခွင့်တောင် ပိုင်ဆိုင်ထားပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး အတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ အရာများစွာ ဖော်ဆောင်နိုင်ခဲ့ပေမယ့် ၊ တဖက်မှာ တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ် ဦးခေါင်းထိခိုက်ခဲ့သလို ၊ အားထားရတဲ့ အသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ်ကလည်း ပွဲပြီးခါနီးမှာ တိုက်ရိုက်အနီနဲ့ အထုတ်ခံခဲ့ရတာကြောင့် နစ်နာမှု တချို့ ကြုံခဲ့ရပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနို က မူဒရစ်ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ” သူ အဆင်မပြေနေပါဘူး ။ ကျွန်တော်တို့ ဒါကို စစ်ဆေးသွားမှာပါ ။ သူ နည်းနည်းပါးပါး ခေါင်းမူနေခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ သူ့နေရာ အတွက် ဦးခေါင်းထိခိုက်မှန်ခြင်း အတွက် ( concussion ) လူစားလဲမှုကို အသုံးပြုခဲ့ပါတယ် ။ ”

” စည်းမျဉ်းက ၇ရက်ကြာပါတယ် ။ ဒီတော့ သူဟာ ရာသီပိတ်ပွဲကိုတော့ ဆင်နွှဲနိုင်တော့မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် တခြား ထွေထွေထူးထူးတော့ မဖြစ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မူဒရစ်ဟာ ဒီဖြစ်ရပ်မှာ ဘရိုက်တန် ညာနောက်ခံလူ တာရစ်ခ် လမ်ပ်တီနဲ့ ညိခဲ့ပြီး ၊ ယင်းဂါနာသားဟာ မူဒရစ်ကို သိသိသာသာ မျက်နှာတည့်တည့် ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ၊ VAR မှ ၄င်းကို တိုက်ရိုက်အနီ ထုတ်ပယ်ဖို့ အထိ ကွင်းလယ်ဒိုင်ထံ ဆုံးဖြတ်ခွင့် မပေးခဲ့တာ အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရပါတယ် ။

တဖက်မှာ ရိစ်ဂျိမ်းစ်ရဲ့ တိုက်ရိုက်အနီဟာ လမ်ပ်တီရဲ့ ပြစ်ဒဏ်ကျူးလွန်မှုလောက်တောင် မပြင်းထန်ပေမယ့် ၊ Violent Conduct အဖြစ်နဲ့ သတ်မှတ်ခံခဲ့ရလို့ VAR မှ ၄င်းကို အနီပြ ထုတ်ပယ်ဖို့ တွန်းအားပေးခဲ့ပါတယ် ။ ဒီဖြစ်ရပ် ၂ခုကို ပိုချက်တီနိုက အခုလိုပဲ နှိုင်းယှဉ်ခဲ့ပါတယ် ။

ပိုချက်တီနို က ” ထပ်ပြောရရင် ဒါက ရိစ်ဂျိမ်းစ်ရဲ့ ဖြစ်ရပ်နဲ့ အတူတူပါပဲ ။ ကျွန်တော် မမြင်ခဲ့ပါဘူး ။ ဒါက အကဲဖြတ်ရ ခက်ခဲတဲ့ ဖြစ်ရပ် တခုပါပဲ ။ ဒါမျိုးက တခါတလေ ဘောလုံးမှာ ဖြစ်တတ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မူဒရစ် ဒဏ်ရာ ရသွားခဲ့တာကြောင့် ပိုချက်တီနိုဟာ ပြင်သစ် နောက်ချန်တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူကို စောစောစီးစီး လူစားလဲသုံးခဲ့ရပေမယ့် ၊ ၄င်းဟာ ကြံ့ခိုင်မှု ပြည့်လုနီးနီး ဖြစ်နေကြောင်း ပြသသွားခဲ့သလို ၊ လီဗာပူးနဲ့ ပွဲနောက်ပိုင်း ဂိုးပေါက် ပြန်ရှာတွေ့နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

အန်ကွန်ကူနဲ့ ပတ်သက်ပြီး ပိုချက်တီနို က ” သူဟာ ဒဏ်ရာ ပြဿနာ အများကြီး ရုန်းကန်နေခဲ့ရတာပါ ။ သူဟာ ရှေ့ဆက် ပွဲတွေ ဆက်တိုက် ကစားဖို့ လိုပါတယ် ။ ဒီနေ့မှာဆို သူ မိနစ် ၆၀ အထိ ကစားပေးခဲ့ပေမယ့် ၊ ပွဲပြီးခါနီးမှာ အတော်လေး မောပန်းနေခဲ့ပါတယ် ။ ”

” ကျွန်တော် သူ့အတွက် အရမ်း ပျော်ရွှင်နေပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ဒဏ်ရာ ပြဿနာတွေ ခံစားနေခဲ့ရပြီးမှ ၊ အခုလို အသင်းမှာ ပြန်လည် ပါဝင်လာပြီး ဂိုးပါ သွင်းယူနိုင်ခဲ့လို့ပါ ။ သူ့အတွက်ရော ၊ အသင်းအတွက်ပါ ကျွန်တော် ပျော်ပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အရမ်း အရေးပါတဲ့ ကစားသမား တယောက်ကို ထပ်မံ ပေါင်းထည့်နိုင်လိုက်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar