Eleven Media Group

■ ဘောလုံးဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် ဆော်ဒီအာရေဗျဘောလုံးအဖွဲ့ချုပ် လက်မှတ်ရေးထိုး

Photo: MFF

မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဆော်ဒီအာရေဗျဘောလုံးအဖွဲ့ချုပ် (SAFF) တို့ ထိုင်းနိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
MFF ကိုယ်စားလှယ်အဖွဲ့သည် အာရှဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကွန်ဂရက် တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဆော်ဒီအာရေဗျဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ယာဆာအယ်လ်မီဆီဟယ်လ်နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဘောလုံးဖွံ့ဖြိုးရေး လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် လက်ရွေးစင်အသင်းများ စခန်းဝင်လေ့ကျင့်မှုပြုလုပ်ခြင်း၊ လေ့ကျင့်ရေး နည်းစနစ်နှင့် ဘောလုံးနည်းဗျူဟာများ အပြန်အလှန်ဖလှယ်ခြင်း၊ လူငယ်လက်ရွေးစင်အသင်းများ၊ အမျိုးသမီးနှင့် ဖူဆယ်လက်ရွေးစင်အသင်းများ၊ ကလပ်အသင်းများအကြား ခြေစမ်းပွဲများ စီစဉ်ခြင်း၊ လိဂ်ပြိုင်ပွဲများ စီမံခန့်ခွဲမှုများနှင့် ကစားသမားများ ဖွံ့ဖြိုး တိုးတက်ရေးနည်းစနစ်များ မျှဝေခြင်း၊ သင် တန်းများစီစဉ်ခြင်း အစရှိသည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ခွင့်ရမည်ဖြစ်သည်။
MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အတူ ဒုဥက္ကဋ္ဌများဖြစ်သည့် ဦးပြည့်ဖြိုးတေဇ၊ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစည်သူဝင်းတို့ တက်ရောက်နေပြီး ယင်းကိုယ်စားလှယ်အဖွဲ့သည် မေ (၁၆) ရက်တွင်ကျင်းပမည့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ကွန်ဂရက်၊ မေ (၁၇)ရက်တွင်ကျင်းပမည့် (၇၄)ကြိမ်မြောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်တို့ကိုလည်း တက်ရောက်မည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group