
မန်ယူအသင်း၏ တိုက်စစ်မှူး အန်တိုနီသည် ကျောအပြည့် တက်တူးထိုးခဲ့သည့်ပုံကို Instagram တွင် ဖော်ပြခဲ့သည့်အတွက် မန်ယူပရိသတ်များ၏ ဝေဖန်ပြစ်တင်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။
အသက် (၂၄) နှစ်အရွယ်ရှိ အန်တိုနီသည် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် အေဂျက်စ်အသင်းမှ မန်ယူအသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူရို (၉၅) သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။
၎င်းသည် မန်ယူအသင်းတွင် ထင်မှတ်ထားသလောက် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိသလို၊ ကွင်းတွင်းကွင်းပြင် နေထိုင်မှုများကြောင့်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။
အန်တိုနီသည် မန်ယူအသင်း ရလဒ်မကောင်းသလို၊ ကိုယ်တိုင်လည်း ရုန်းကန်နေရချိန်၌ ယခုကဲ့သို့ ပြုမူခဲ့သည့်အတွက် ဝေဖန်ပြစ်တင်ခံရခြင်းဖြစ်ပြီး ဘောလုံးကိုသာ အာရုံစိုက်သင့်ကြောင်း ပရိသတ်အချို့က ထောက်ပြခဲ့ကြသည်။
အန်တိုနီသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် (၂၉) ပွဲတွင် (၁) ဂိုးသာ သွင်းပေးထားသလို၊ ပြိုင်ပွဲစုံ (၃၈) ပွဲတွင်လည်း (၃)ဂိုးသာ သွင်းယူထားသည်။