
ချဲလ်ဆီး အသင်း ပိုင်ရှင်တွေ ဖြစ်ကြတဲ့ တော့ဒ်ဘိုလီနဲ့ အမေရိကန် စီးပွားရှင် အစုအဖွဲ့ဟာ ရာသီသိမ်း ပွဲစဉ် အပြီး မရှေးမနှောင်းမှာ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုရဲ့ ယခုနှစ် ရာသီ စွမ်းဆောင်ရည်နဲ့ တိုးတက်မှု အခြေအနေတွေ အကြောင်း ပြန်လှန် သုံးသပ်သွားဖို့ ရှိသလို ၊ ၄င်းရဲ့ အနာဂတ်ကိုပါ အဆုံးအဖြတ် ပေးသွားမယ်လို့ သိရပါတယ် ။
လက်ရှိမှာတော့ ပိုချက်တီနိုဟာ ရာသီသိမ်းခါနီး ပရီးမီးယားလိဂ် ၅ပွဲဆက် ရှုံးပွဲ မရှိထားသလို ၊ အမေရိကန် ပိုင်ရှင်တွေရဲ့ လက်ထက် ပထမဆုံး အကြိမ် ၄ပွဲဆက် အနိုင်ရအောင် စွမ်းဆောင်ပေးထားပြီး ၊ တကယ့် ပုံစံကောင်း တခုကို ထိန်းသိမ်းပြနေတာကို တွေ့ရပါတယ် ။

အဆင့် ၆ နေရာမှာ လောလောဆယ် ရပ်တည်နေတဲ့ ချဲလ်ဆီးဟာ နောက်ဆုံး အပိတ်ပွဲမှာ သရေ တမှတ် ရတာနဲ့ ဥရောပ ဝင်ခွင့် သေချာသွားမှာ ဖြစ်သလို ၊ အဆင့် ၅ က လန်ဒန်မြို့ခံ ပြိုင်ဖက် တော့တင်ဟမ်တို့ ခြေချော်တာနဲ့ အခွင့်ကောင်း ယူပြီး ၊ ယူရိုပါလိဂ် ဝင်ခွင့် သေချာအောင် လုပ်လို့ ရနိုင်သေးတဲ့ အနေအထားကိုလည်း ပိုင်ဆိုင်ထားပါတယ် ။
အာဆင်နယ်ကို ၅ဂိုးပြတ် ရှုံးခဲ့ပြီး နောက်ပိုင်း ပိုချက်တီနိုရဲ့ အနာဂတ်ဟာ အလှုပ်ခတ်ဆုံး အခြေအနေ တရပ်ဆီ ရောက်ရှိခဲ့ပေမယ့် ၊ လက်ရှိ ပုံစံတွေ အရတော့ ပရိသတ် အများစုဟာ ၄င်းကို နောက်ရာသီဝက်လောက်အထိ အနိမ့်ဆုံး အခွင့်အရေး ပေးဖို့ လက်ခံထားကြပါတယ် ။
သို့ပေမယ့် ပိုင်ရှင် ၊ အားကစားဒါရိုက်တာတွေနဲ့ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကသာ ပိုချက်တီနို ဆက်ရှိ မရှိ အကဲဖြတ်မှာ ဖြစ်ပြီး ၊ ယင်းအာဂျင်တိုင်းသား အနေနဲ့ ဘုန်းမောက်နဲ့ အပိတ်ပွဲကို အနိုင်ကစားပြဖို့က ၄င်းရဲ့ တခုတည်းသော သက်သေပြခွင့် အဖြစ် ကျန်ရစ်နေပါတယ် ။

ချဲလ်ဆီး အတွက် ဒီရာသီ ပရီးမီးယားလိဂ် ၂၂ဂိုး သွင်းပေးထားတဲ့ ကိုးလ်ပါလ်မာကတော့ ပိုချက်တီနိုဖက်မှ ဆက်လက် ထောက်ခံပေးထားပြီး ၊ အသင်းသားတွေဟာ ၄င်းနဲ့ အတူ အလုပ်လုပ်ရတာကို ကျေနပ်ပျော်ရွှင်မှု ရှိကြကြောင်း ဘုတ်အဖွဲ့ထံ အခုလိုပဲ မက်ဆေ့ခ်ျ ပေးသွားပါတယ် ။
ဘရိုက်တန်ကို ၁ – ၂ နဲ့ အနိုင်ရခဲ့အပြီး အင်တာဗျူးမှာ ပါလ်မာ က ” ကျွန်တော်တို့ ဒီ၃မှတ်ကို လိုအပ်ခဲ့ပါတယ် ။ ပွဲပြီးခါနီး အခိုက်အတန့်တွေက ခက်ခဲခဲ့ပါတယ် ။ ဒါပေမယ့် အခုလို ၃မှတ် ရလိုက်တာနဲ့ တဆက်တည်း အဆင့် ၆ နေရာက ကျွန်တော်တို့ရဲ့ လက်ထဲကို ရောက်ရှိလာတာက ကြီးမားပါတယ် ။ ကျွန်တော်တို့ လုပ်ပြနိုင်ဖို့ မျှော်လင့််မိပါတယ် ။ ”
” ချဲလ်ဆီးဟာ အသင်းကြီး တသင်း ဖြစ်ပြီး ၊ လူတိုင်းဟာ အဆင့် ၆ ထက်တော့ ပိုမြင့်တဲ့ နေရာမှာ အဆုံးသတ်ချင်ပေမယ့် ၊ ရာသီအစက အနေအထားနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ဒီရာသီ တလျှောက် ကျွန်တော်တို့ဟာ အဆင့် ၁၂ ၊ ၁၃ ပတ်ချာလည်နားမှာပဲ ရှိနေခဲ့တာပါ ။ ပြီးခဲ့တဲ့ ရာသီကလည်း အဲလိုမျိုး ဖြစ်ခဲ့ပါတယ် ။ ”

” ဒီတော့ ဥရောပ ဝင်ခွင့် တနေရာကို ပြန်လည် ရရှိမှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်ဖို့ ခြေလှမ်း တရပ် ဖြစ်ပါတယ် ။ ဒါတွေ အားလုံး အတွက် မန်နေဂျာကို ကြီးကြီးမားမား ချီးကျူးရမှာပါ ။ ဘာလို့လဲဆိုတော့ မန်နေဂျာကို ကစားသမားတွေ အားလုံးက ချစ်ကြသလို ၊ သူတို့ဟာ သူ့အတွက် တိုက်ပွဲဝင်ပေးချင်ကြလို့ပါ ။ ”
” ကျွန်တော်တို့ဟာ တဖြည်းဖြည်းနဲ့ အသားကျလာပြီး ၊ ဒါကို လူတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR