Sports Myanmar

ဟာဗက်ထက်စာရင် ချဲလ်ဆီးကို ပိုပြီး နစ်နာစေခဲ့တဲ့ ခြင်္သေ့ပြာ ကြယ်ပွင့်ဟောင်းရဲ့ အမည်ကို ဖွင့်ဟလာတဲ့ ဂါးလက်စ်

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း ကစားသမား တော်တော်များများကို ထွက်ခွာခွင့် ပေးခဲ့ပြီး ၊ အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ် ။ ထိုအထဲမှာ အဓိက ပရီးမီးယားလိဂ် ပြိုင်ဖက်တွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ မန်စီးတီးထံသို့ ပြောင်းရွှေ့သွားခဲ့ကြတဲ့ ကိုင်ဟာဗက်ဇ်နဲ့ မတ်တီယို ကိုဗာဆစ်တို့လည်း အပါအဝင် ဖြစ်ပါတယ် ။

ဂျာမန် လက်ရွေးစင် နောက်ချန်တိုက်စစ်မှူး ဟာဗက်ဇ်ဟာ ဒီရာသီ အာဆင်နယ်ရဲ့ အဓိက ခေါ်ယူမှု တရပ် ဖြစ်သလို ၊ လက်ရှိ Title race မှာ ဂန်းနားတို့ အတွက် ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးထားပါတယ် ။

ချဲလ်ဆီးဖက်ကလည်း ယင်းဂျာမန်သား အတွက် ပေါင် ၆၅သန်း ပြန်ရခဲ့တာက ၂ဦး၂ဖက် မျှတတဲ့ အပြောင်းအရွှေ့ တရပ် ဖြစ်စေခဲ့ပါတယ် ။ ချဲလ်ဆီးနဲ့ အာဆင်နယ် ခံစစ်မှူးဟောင်း ဝီလီယမ် ဂါးလက်စ်ကတော့ ဟာဗက်ဇ်ကို ရောင်းခဲ့လို့ ချဲလ်ဆီးတို့ မမှားခဲ့ဘူးလို့ သုံးသပ်သွားပါတယ် ။

Genting Casino နဲ့ တွေ့ဆုံရာမှာ ဂါးလက်စ် က ” ကျွန်တော့ အတွက်ကတော့ ကိုင်ဟာဗက်ဇ်ဟာ အာဆင်နယ်မှာ ဘောလုံး ရာသီကောင်း တခုကို ဖြတ်သန်းထားပါတယ် ။ ဒါပေမယ့် သူဟာ ပေးထားရတဲ့ တန်ကြေးနဲ့ ထိုက်တန်တဲ့ သွင်းဂိုး အရေအတွက် လုံလုံလောက်လောက် မသွင်းနိုင်ခဲ့ပါဘူး ။ ”

” ပြီးခဲ့တဲ့လက မြောက်လန်ဒန်မှာ သူဟာ ကြီးကျယ်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ခင်ဗျားသာ အချက်အလက်တွေကို ကြည့်ရင် သူ့လို ကစားသမား တယောက်ဟာ ဒီထက် အများကြီး ပိုကောင်းအောင် လုပ်ပြသင့်ပါတယ် ။ ချဲလ်ဆီးဟာ သူ့ကို လက်လွှတ်လိုက်ရလို့ မှားခဲ့တယ် ဆိုပြီး ကျွန်တော် အခုထိ မမြင်သေးပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ကိုဗာဆစ်ကတော့ ချဲလ်ဆီးကနေ လက်ရှိ ချန်ပီယံနဲ့ ၄နှစ် ချန်ပီယံ ဖြစ်ဖို့ နီးစပ်နေတဲ့ မန်စီးတီးထံသို့ ပေါင်သန်း ၃၀နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ၊ ၄င်းဟာလည်း ပက်ဂွာဒီယိုလာ အသင်းမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင် စွမ်းဆောင်ပေးထားပါတယ် ။

ယင်းခရိုအေးရှား လက်ရွေးစင်ကို ထွက်ခွာခွင့်ပေးခဲ့လို့ ချဲလ်ဆီးတို့ မှားကောင်းမှားခဲ့နိုင်ကြောင်း ဂါးလက်စ် က ” မတ်တီယို ကိုဗာဆစ် အကြောင်း ပြောရရင်တော့ မွိုက်ဆက်စ် ကိုင်စီဒိုနဲ့ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူလိုက်တာက သူ့ကို အသင်းက ထွက်ခွာဖို့ အမြဲတမ်း တွန်းအား ဖြစ်စေခဲ့ပါတယ် ။ ”

” ဒါပေမယ့် ဒီလို လူငယ် ကြယ်ပွင့် ကွင်းလယ်လူတွေဟာ သူတို့နဲ့ အတူ တွဲကစားမယ့် အတွေ့အကြုံရင့်တွေ လိုအပ်ပါတယ် ။ ကိုဗာဆစ်ဟာ ဒီနေရာမှာ ကောင်းကောင်းကြီး ပံ့ပိုးပေးနိုင်ခဲ့မှာပါ ။ ဒီတော့ သူ့ကို ထွက်ခွာခွင့် ပေးခဲ့တာက ချဲလ်ဆီး အတွက် အမှား လုပ်ကောင်း လုပ်မိခဲ့တယ်လို့ ဆိုနိုင်ပါတယ် ။ ”

” တနှစ်လောက် သူ ချဲလ်ဆီးမှာ ဆက်နေပြီး ၊ လူငယ် ကစားသမားတွေကို တိုးတက်အောင် ကူညီကောင်း ကူညီပေးခဲ့နိုင်ပါတယ် ။ ဒါက သူ့အတွက် မှန်ကန်တဲ့ အပြောင်းအရွှေ့တော့ ဖြစ်ခဲ့ပေမယ့် ၊ ချဲလ်ဆီး အတွက်တော့ မဟုတ်ခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar