Sports Myanmar

သူ ချဲလ်ဆီး နည်းပြ ရာထူးက အထုတ်ခံရတော့မယ်လို့ ခံစားခဲ့ရတဲ့ အခိုက်အတန့် အကြောင်း ထုတ်ဖော်လာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ မနက်ဖြန်ညမှာ ၂၀၂၃ – ၂၄ ဘောလုံးရာသီ အပိတ်ပွဲ အဖြစ် ဘုန်းမောက် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားဖို့ ရှိပြီး ၊ တမှတ်ရရုံနဲ့ အဆင့် ၆ နေရာနဲ့ ရာသီသိမ်းနိုင်မှာ ဖြစ်ကာ ၊ ကံကြမ္မာရဲ့ ဖေးမမှုပါ ရရှိခဲ့ရင်တော့ အဆင့် ၅ နေရာအထိ တက်လှမ်း အဆုံးသတ်နိုင်ခြေ ရှိနေပါတယ် ။

လွန်ခဲ့တဲ့ တလခွဲ ၊ ၂လလောက်က ချဲလ်ဆီးဟာ ဒီအနေအထားမျိုး မျှော်မှန်းရ အတော် ခက်ခဲခဲ့ပြီး ၊ အဆင့် ၁၀ကနေ တဆင့်လောက် တက်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ နည်းပြ ဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုဟာလည်း အနာဂတ် မသေချာတဲ့ ကောလဟလတွေနဲ့ တနေ့တခြား ရင်ဆိုင်ခဲ့ရပါတယ် ။

လက်ရှိမှာတော့ ချဲလ်ဆီး အသင်း အတွင်း တစတစ တည်ငြိမ်လာပြီး ၊ ဥရောပ ဝင်ခွင့် တနေရာနဲ့ ရာသီသိမ်းနိုင်ဖို့ကို အေးအေးဆေးဆေး အာရုံစိုက်ခွင့် ရှိလာပြီ ဖြစ်ပါတယ် ။ ဒီရာသီ ပွဲတချို့မှာ ပိုချက်တီနို တယောက် ရာထူးက အထုတ်ခံရလုနီး အခြေအနေတွေ ပိုင်ဆိုင်ခဲ့ဖူးပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနိုက ဖေဖော်ဝါရီလ အတွင်းက စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဝုလ်ဗ်ကို ၂ – ၄ ရလဒ်နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့ ပွဲဟာ သူ ရာထူးက ဖယ်ရှားခံရဖို့ ခံစားခဲ့ရတဲ့ အခိုက်အတန့် ဖြစ်ခဲ့ကြောင်း အခုလိုပဲ ထုတ်ဖော် ပြောဆိုလာပါတယ် ။

ပိုချက်တီနို က ” ကျွန်တော် ပွင့်ပွင့်လင်းလင်း ဝန်ခံလို့ ရလား ? ဝုလ်ဗ်နဲ့ ပွဲအပြီးလို့ ကျွန်တော် ထင်တာပါ ။ အဲဒီပွဲ နောက်ပိုင်း ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ မှတ်မိကြတယ် မဟုတ်လား ? ကျွန်တော်တို့ အထုတ်ခံရမယ် ဆိုပြီးတော့ ကျွန်တော် မယူဆခဲ့ပေမယ့် ၊ ဒါက ခက်ခဲတဲ့ အခိုက်အတန့် တရပ်တော့ ဖြစ်ခဲ့ပါတယ် ။ ”

” အဲဒီ အိမ်ကွင်း ရှုံးပွဲက တကယ်ကို ခက်ခဲလွန်းပါတယ် ။ နည်းပြ အဖွဲ့ဝင် တယောက် အနေနဲ့ ခင်ဗျားဟာ အဲဒီ အခိုက်အတန့်မှာ အထီးကျန်သလို ခံစားခဲ့ရပါတယ် ။ လူတွေက ခင်ဗျားကို အပြစ် တခုခု ကျူးလွန်ထားသူ တယောက် အနေနဲ့ ကြည့်တာကို ခံစားရတဲ့အခါ ခင်ဗျား ဘာတွေ ဖြစ်နေမှန်း ကိုယ့်ကိုယ်ကို မသိတော့သလိုမျိုးပေါ့ ။ ”

” အဲဒီ အခိုက်အတန့်မှာ ကျွန်တော်တို့ အထီးကျန် ခံစားခဲ့ရပါတယ် ။ ပွဲပြီးတော့ အချိန် အတော်ကြာ ကျွန်တော်တို့ ဒီအတိုင်းပဲ ကျန်ခဲ့ကြပါတယ် ။ ၂နာရီကြာလောက် စောင့်နေခဲ့တာပေါ့ ။ နည်းပြ အဖွဲ့သား ၅ယောက် ၊ တယောက်ကို တယောက် ကြည့်ရင်း ၊ အခန်းငယ်လေးထဲမှာ ထိုင်စောင့်ရင်းနဲ့ပေါ့ ။ ”

” ဟုတ်ပါတယ် ။ စဉ်းစားရုံတင် မဟုတ်ပါဘူး ။ ကျွန်တော်တို့ ပိုပြီး ဝမ်းနည်းခဲ့ကြပါတယ် ။ ဒါက ကျွန်တော်တို့ အတွက် မမျှတတဲ့ အခြေအနေ တရပ် ဖြစ်ခဲ့တာပါ ။ ကျွန်တော်တို့နဲ့ မထိုက်တန်တဲ့ အခြေအနေ တရပ်မှာ ရောက်ခဲ့တာပါ ။ ဒါပေမယ့် ဒီလို ရလဒ်မျိုးက ကျွန်တော်တို့ကို အရမ်း ခက်ခဲတဲ့ အခြေအနေဆီ ကျရောက်စေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပိုချက်တီနို က ” နည်းပြ အဖွဲ့ဝင် တယောက် အနေနဲ့ ဒီမနက်ကပဲ ဒါက မလုံလောက်ဘူးလို့ ကျွန်တော်တို့ ပြောနေခဲ့ကြတာပါ ။ အဆင့် ၅ ၊ ၆ နေရာမှာ ရာသီသိမ်းရုံနဲ့ ကျွန်တော်တို့ ဓာတ်ပုံတွေ တဝကြီး ရိုက်ပြီး အောင်ပွဲခံနေမှာ မဟုတ်ပါဘူး ။ ဒါက ကလပ် အတွက် ၊ ပိုင်ရှင်တွေ အတွက် ၊ အားကစားဒါရိုက်တာတွေ ၊ ကစားသမားတွေ အတွက် လုံလောက်မှု မရှိပါဘူး ။ ”

” ခက်ခဲတဲ့ အခြေအနေ အချိန်အခါတွေအောက်မှာ ကျေနပ်မှုကို ကျွန်တော် ခံစားရပြီး ၊ ဒီလို အပေါင်းလက္ခဏာ ဆောင်တဲ့ အနေအထားမှာ အကောင်းမြင်တဲ့ စိတ်နဲ့ ရာသီသိမ်းရတာက အရမ်းကောင်းပါတယ် ။ ဒါမျိုး ခံစားရတဲ့အခါ ခင်ဗျားဟာ ကိုယ် ကောင်းကောင်းမွန်မွန် စွမ်းဆောင်ခဲ့ကြောင်း ကိုယ့်ကိုယ်ကို ဂုဏ်ပြန်ပြုဖို့ လိုပါတယ် ။ ဒါပေမယ့် ချဲလ်ဆီးလို ကလပ် အတွက် လက်ရှိ အနေအထားက မလုံလောက်တာ သေချာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar