
ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ် ရာသီသိမ်းပွဲမှာ ဘုန်းမောက် အသင်းကို ၂ – ၁ ရလဒ်နဲ့ အနိုင်ရကာ ၊ အဆင့် ၆ နေရာနဲ့ ပိတ်သိမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ထိုပွဲအပြီး ချဲလ်ဆီး အသင်းသားတွေနဲ့ ပရိသတ်တွေဟာ လမ်းခွဲတော့မယ့် ဝါရင့် ဘရာဇီး ခံစစ်မှူး သီယာဂို ဆေးလ်ဗားကို သောင်းသောင်းဖြဖြ နှုတ်ဆက်ခဲ့ကြပါတယ် ။
သီယာဂို ဆေးလ်ဗား အတွက် မိနစ် အနည်းငယ်ကြာ နှုတ်ဆက်ပွဲ လုပ်ပြီးတဲ့နောက် ချဲလ်ဆီး ကစားသမားတွေဟာ ပရိသတ်တွေကို ကွင်းလှည့်ပြီး နှုတ်ဆက်ခဲ့ကြပါတယ် ။ သို့ပေမယ့် ထိုအထဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနို ပါဝင်ခဲ့ခြင်းနဲ့ မရှိပါဘူး ။ ဒါနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ရှင်းလင်းခဲ့ပါတယ် ။

ပိုချက်တီနို က ” အချိန် မရခဲ့တာပါ ။ ကျွန်တော်တို့ဟာ သီယာဂို ဆေးလ်ဗားနဲ့ အတူ ရှိခဲ့ကြပြီး ၊ အဲဒီနောက် ကစားသမားတွေက ပရိသတ်တွေကို စပြီး နှုတ်ဆက်တဲ့အခါကျတော့ အေဒရီယန် ( စီစဉ်သူ ) က ကျွန်တော် အထဲဝင်ရတော့မယ်လို့ ပြောခဲ့ပါတယ် ။ အခု ခင်ဗျားတို့နဲ့ မေးခွန်းတွေ ဖြေနေရတဲ့အချိန်ဟာ ပရိသတ်တွေကို နှုတ်ဆက်ရမယ့် အချိန်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ချဲလ်ဆီးနဲ့ စာချုပ် တနှစ် ကျန်သေးပေမယ့် ၊ အနာဂတ် မသေမချာ ဖြစ်နေတဲ့ ပိုချက်တီနိုဟာ လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်း သူ့ရဲ့ ဒီရာသီ စွမ်းဆောင်ရည် အပေါ် အသင်းပိုင်ရှင်တွေနဲ့ ဘုတ်အဖွဲ့က ပြန်လှန် သုံးသပ်မှု လုပ်သွားဖို့ ရှိပါတယ် ။ ထိုအစည်းအဝေးမှာ ယင်းအာဂျင်တိုင်းသားရဲ့ အနာဂတ်ကိုလည်း အဆုံးအဖြတ် ပေးသွားဖို့လည်း များပါတယ် ။
ပိုချက်တီနိုကတော့ သူဟာ သောကြာနေ့တုန်းက ချဲလ်ဆီး ရှယ်ယာရှင် တဦး ဖြစ်တဲ့ တော့ဒ်ဘိုလီနဲ့ ညစာ စားခဲ့ကြောင်း ” ဒါက ဖြစ်လာမလား ၊ မဖြစ်လာဘူးလား ဆိုတာ ကျွန်တော် မသိပါဘူး ။ ကျွန်တော့မှာ ဘာအိုင်ဒီယာမှ မရှိပါဘူး ။ ခင်ဗျားကို ပြောပြနိုင်တာ အားလုံးက သောကြာနေ့ညတုန်းက တော့ဒ် ကျွန်တော့ကို ညစာ ဖိတ်ကျွေးခဲ့တာပါပဲ ။ ဒါက အတော်လေး ကောင်းမွန်ခဲ့တဲ့ ညစာစားပွဲ တခု ဖြစ်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော့ အနာဂတ်ကို ပြန်လှန်သုံးသပ်မယ်ဆိုတဲ့ ကောလဟလမျိုးတော့ ကျွန်တော် မသိပါဘူး ။ ကျွန်တော့ အဖွဲ့ကတော့ မနက်ဖြန် အားလပ်ရက် ခရီးထွက်ကြပါမယ် ။ လန်ဒန်မှာ ကျွန်တော်တို့ နောက်ရက်အနည်းငယ် ဆက်နေပါဦးမယ် ။ ကျွန်တော် အမြဲ တံခါးဖွင့်ထားပါတယ် ။ ဖုန်းလည်း ပိတ်ထားမှာ မဟုတ်ပါဘူး ။ ”
” တခြားတော့ ကျွန်တော် ထပ်ပြီး ရှင်းပြမှာ မဟုတ်ပါဘူး ။ သူနဲ့ပဲ ကျွန်တော် ရှိခဲ့တယ် ဆိုတာပဲ ခင်ဗျားတို့ သိခွင့်ရမှာပါ ။ တခြား ကျွန်တော် ဘာတခုမှ ပြောမှာ မဟုတ်ပါဘူး ။ ခင်ဗျားကို ကျွန်တော် ဖိတ်တယ်ဆိုရင် ခင်ဗျားနဲ့ ကျွန်တော်နဲ့ ညစာ အတူစားကြမှာပါပဲ ။ ဒါက မကောင်းတဲ့ အရာ အတွက် မဟုတ်ပါဘူး ။ ဒါမျိုး ကျွန်တော် မယုံပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။
အနာဂတ် မသေချာတော့သည့်တိုင် ပိုချက်တီနိုဟာ လာမယ့် ရာသီ ချဲလ်ဆီး အသင်းမှာ ဖြစ်လာမယ့် အလားအလာ အတွက် ဘယ်လို ပြင်ဆင်ချဉ်းကပ်တာ ကောင်းလဲ ဆိုတာနဲ့ ပတ်သက်ပြီး အခုလို ဆက်လက် ဖွင့်ဟခဲ့ပါတယ် ။

ပိုချက်တီနို က ” ခင်ဗျားဟာ အမြဲတမ်း တိုးတက်နိုင်ပါတယ် ။ ကစားသမားတွေဟာ နောက်ရာသီ အခုထက် ပိုပြီး ကောင်းလာနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့ဟာ တနှစ်ကြာ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတယ် ဆိုတဲ့ အတွေ့အကြုံနဲ့ နောက်ရာသီကို စတင်မှာမို့ပါ ။ ဒါဟာ ကျစ်လျစ်မှု ရှိခြင်း ၊ တည်ငြိမ်မှု ရှိခြင်း ၊ အပြောင်းအလဲ အများကြီး မလုပ်ခြင်းရဲ့ အားသာချက်ပါပဲ ။ ”
” နောက်ရာသီတော့ ကျွန်တော်တို့သာ လက်ရှိ အသင်းရဲ့ ၈၀-၈၅ ရာခိုင်နှုန်းလောက် ထိန်းထားနိုင်မယ်ဆိုရင် ဒါက သေချာပေါက် ရှေ့တလှမ်း တိုးနိုင်ခြင်းပါပဲ ။ ဘာလို့လဲဆိုတော့ ဒါဟာ သူတို့ အကြားမှာ အိုင်ဒီယာနဲ့ ဗဟုသုတ ရှေ့ဆက် ဖြစ်ထွန်းနေတာကြောင့်ပါ ။ ဒါက ကလပ် အတွက် အရေးကြီးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR