
အာဆင်နယ် အသင်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် က ပရီးမီးယားလိဂ် နောက်ဆုံးနေ့မှာ ချန်ပီယံဆု နဲ့ လွဲချော်ခဲ့အပြီး အသင်း ဒုတိယ ဥက္ကဌ ဂျို့ရှ်ခရွန်ကီ ကို သူ ဘာပြောခဲ့သလဲ ဆိုတာ ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။
အာဆင်နယ် အသင်းဟာ ဒီရာသီမှာ သူတို့ရဲ့သမိုင်းတစ် လျှောက် အမှတ်အများဆုံး ၊ နိုင်ပွဲ အများဆုံး ၊ Clean-Sheet အများဆုံး ၊ ဂိုးကွာခြားချက် အများဆုံး ဘောလုံး ရာသီ ဖြစ်ခဲ့ပေမယ့် အဆင့် ၂ နဲ့သာ ကျေနပ် ခဲ့ရပြီး အမှတ်ပေး ချန်ပီယံဆုနဲ့ နှစ်နှစ်ဆက် လွဲချော် ခဲ့ရပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ် အသင်းကို စံချိန်တင် ပြောင်းရွေ့ကြေး နဲ့ ရောက်လာပြီး ဂန်းနားတို့ရဲ့ မရှိမဖြစ် ကစားသမား ဖြစ်လာခဲ့တဲ့ ဒက်ကလန်ရိုက်စ် က ရာသီပိတ် အင်တာဗျူးမှာ ” ကျနော် ပွဲပြီးတော့ ကွင်းထဲမှာ ဂျို့ရှ်ခရွန်ကီ နဲ့ စကားပြောဖြစ်ခဲ့ပါတယ် ။ ကျနော် ဘာပြောခဲ့သလဲ ဆိုတော့ ဒီနှစ်မှာ ကျနော် မျှော်လင့်ထားတဲ့ အရာအားလုံး အတိုင်း ဖြစ်ခဲ့တယ် ဆိုပြီး ပြောခဲ့တာပါ ။ ”
” ကလပ် အသင်း ရဲ့ အဆင့်အတန်းက ထိပ်ဆုံး ကနေ အောက်ခြေ အထိ တကယ့်ကို ထူးခြား ကောင်းမွန် လွန်းနေခဲ့တာပါ ။ ကျနော်တို့ လည်ပတ် ဆောင်ရွက်ခဲ့တာတွေ ၊ ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ပုံ ၊ မန်နေဂျာ ရဲ့ အသင်းကို ကိုင်တွယ် လည်ပတ်ပုံ ၊ ထိပ်ကနေ အောက်အထိ က အံ့ဖွယ်ပါပဲ ။ ”

” အာဆင်နယ် အသင်း ဖြစ်နေတော့ မျှော်လင့်ချက်တွေက ရှိတာပေါ့ဗျာ ၊ နှစ် ၂၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို ပြန်ရဖို့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တစ်ခုခု လုပ်ပြဖို့ ဆိုတဲ့ မျှော်လင့်ချက်တွေပေါ့ဗျာ ။ ကျနော် ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ဖိအားတွေ အများကြီး မပေးမိအောင် ကြိုးစား ခဲ့ပါတယ် ၊ တစ်ပွဲချင်းစီကိုပဲ ခေါင်းထဲ ထည့်ထားပြီးတော့ပေါ့ ။ ”
” ဘောလုံး အားကစားမှာက ပွဲတွေကနေ ယုံကြည်မှု ရတာပါ ။ ပွဲတွေ ကစားရင်း ကစားရင်း နဲ့ ပိုပြီး တိုးတက် ကောင်းမွန်လာတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM