Sports Myanmar

ပိုချက်တီနိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူ ဘာတွေ ကြားသိထားလဲ ဆိုတာ ထုတ်ပြောလာတဲ့ ရီယိုဖာဒီနန်

ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ မကြာသေးခင်ကမှ ပြီးဆုံးသွားတဲ့ ၂၀၂၃ – ၂၄ ဘောလုံးရာသီ အတွင်း ခြင်္သေ့ပြာတို့ကို ကာရာဘောင်ဖလား ဗိုလ်လုပွဲ ၊ အက်ဖ်အေဖလား အကြို ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ၊ ပရီးမီးယားလိဂ်မှာတော့ အဆင့် ၆ နဲ့ အဆုံးသတ်အောင် စွမ်းဆောင်ပြခဲ့ပါတယ် ။

အထက်က အချက်အလက်တွေ အရတော့ ပိုချက်တီနိုရဲ့ ချဲလ်ဆီးက ပထမဆုံး ရာသီဟာ အတော်အသင့် ရှိခဲ့တယ်လို့ ယူဆရမှာ ဖြစ်ပေမယ့် ၊ တကယ်တမ်း အတွင်းကျကျ ကြည့်မယ် ဆိုရင်တော့ ခြင်္သေ့ပြာတို့ဟာ ရာသီသိမ်းခါနီး ပွဲအနည်းငယ်မှအပ တရာသီလုံး အနိမ့်အမြင့် အတက်အကျ များစွာနဲ့ မတည်မငြိမ် ဖြစ်ခဲ့ပါတယ် ။

နောက်ထပ် တနှစ် စာချုပ် ကျန်နေသေးပေမယ့် ၊ ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲနဲ့ အင်တာဗျူး တချို့မှ ပိုချက်တီနိုရဲ့ ဖြေဆိုပုံတွေက ချဲလ်ဆီး နည်းပြ ရာထူးကို ဆက်လက် ကိုင်တွယ်ခွင့် ရဖို့ မသေချာတဲ့ အရိပ်အယောင်ဆီ အဓိပ္ပာယ် သက်ရောက်မှု ရှိနေပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်က သူ ရရှိကြားသိထားတဲ့ အတွင်းသတင်းတွေ အရတော့ ပိုချက်တီနိုဟာ နောက်ရာသီ ချဲလ်ဆီးမှာ ဆက်ရှိလိမ့်မယ်လို့ မထင်ကြောင်း ကိုယ်ပိုင် YouTube ချန်နယ် ဖြစ်တဲ့ FIVE မှတဆင့် အခုလိုပဲ ထုတ်ဖော်လာပါတယ် ။

ဖာဒီနန် က ” မန်နေဂျာပိုင်းမှာ အပြောင်းအလဲတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော် ပြောရဲပါတယ် ။ ကျွန်တော် ကြားသိထားသလောက်ကတော ပိုချက်တီနိုဟာ နောက်ရာသီ ချဲလ်ဆီးမှာ ဆက်ရှိနေဖို့ မသေချာတော့ပါဘူး ။ ဟိုသဲ့သဲ့ ဒီသဲ့သဲ့ ကြားထားတဲ့ သတင်းတွေအရဆိုရင် သူ့ရဲ့ အနာဂတ် အဆုံးသတ်က ကောင်းလာမလား ကျွန်တော်လည်း မပြောတတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး ပရိသတ် အများအပြားဟာ တရာသီလုံးနီးနီး ပိုချက်တီနိုကို ထုတ်ပယ်ဖို့ မကြာခဏ တောင်းဆိုခဲ့ကြပေမယ့် ၊ ရာသီသိမ်းခါနီး ပွဲဆက် နိုင်ပွဲတွေ ရလာတဲ့အခါမှာတော့ ယင်းအာဂျင်တိုင်းသားကို အခွင့်အရေး တကြိမ် ထပ်ပေးဖို့ လေသံ တစတစ ပြောင်းလဲလာတာ တွေ့ရပါတယ် ။

ဖာဒီနန်ကတော့ ပိုချက်တီနို ချဲလ်ဆီး နည်းပြ ရာထူးမှာ ဆက်ရှိခြင်း မရှိခြင်းဟာ ပရိသတ်တွေရဲ့ ဆန္ဒအပေါ် မမူတည်ကြောင်းကို ” ကျွန်တော်ကတော့ သူ့ရဲ့ အနာဂတ်ဟာ ပရိသတ်တွေရဲ့ လက်ထဲမှာ ရှိနေတယ်လို့ မထင်ပါဘူး ။ ထိပ်ပိုင်းက ချဲလ်ဆီး တာဝန်ရှိ အကြီးအကဲတွေရဲ့ လက်ထဲမှာပဲ သူ့အနာဂတ် ရှိတာပါ ။ ”

” ဒီလူတွေ အကြားမှာပဲ သူ့ကို ချဲလ်ဆီး နည်းပြ ရာထူးမှာ ဆက်ထားမထား ဆုံးဖြတ်ချက် ချသွားလောက်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော်သာ လောင်းကစားသမား တယောက်ဆိုရင် သူ နောက်နှစ် ချဲလ်ဆီးမှာ ဆက်ရှိမယ်လို့ မထင်တော့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar