Sports Myanmar

လေဗာကူဆင် အသင်းရဲ့ ရှုံးပွဲမရှိ စံချိန် ကို ရပ်တန့် ပစ်မယ်လို့ ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်တဲ့ အတ္တလန်တာ ကပ္ပတိန်

 

အတ္တလန်တာ အသင်း ရဲ့ အသင်း ခေါင်းဆောင် ဒီရွန် က မနက်ဖြန် နံနက် မြန်မာစံတော်ချိန် ၁ နာရီ ခွဲမှာ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲ မှာ လေဗာကူဆင် အသင်း ရဲ့ ရှုံးပွဲ မရှိ စံချိန်ကို ရပ်တန့် ပစ်မယ်လို့ ကြွေးကြော် လိုက်ပါတယ် ။

၂၀၂၃-၂၄ ဘောလုံး ရာသီ ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ စီရီးအေ ကလပ် အတ္တလန်တာ အသင်း နှင့် ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် အသင်းတို့ ထိပ်တိုက် တွေ့ဆုံ နေကြပါတယ် ။ အတ္တလန်တာ အသင်းဟာ သူတို့ရဲ့သမိုင်းတစ်လျှောက် အမြင့်မားဆုံးအောင်မြင်မှု အဖြစ် ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်လှမ်း လာခဲ့တာ ဖြစ်ပြီး ဖလားအောင်မြင်မှု နဲ့ ဝေးကွာနေခဲ့တာကလည်း ၆၁ နှစ် အထိ ရှိနေခဲ့ပါပြီ ။

လေဗာကူဆင် အသင်းကတော့ တစ်ရာသီလုံး ရှုံးပွဲ မရှိ မှတ်တမ်း နဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ထားတဲ့ အသင်း ဖြစ်ပြီး ဖလား သုံးလုံး အောင်မြင်မှု ရဖို့ မျှော်လင့်လို့ ရ‌နေတဲ့ အသင်း ဖြစ်ပါတယ် ။ လေဗာကူဆင် အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ၅၁ ပွဲမှာ ၄၂ ပွဲနိုင် ၊ ၉ ပွဲ သရေ ကျထားတဲ့ အသင်းပါ ။

ဗိုလ်လုပွဲ မှာ လေဗာကူဆင် လို တစ်ရာသီလုံး ရှုံးပွဲ မရှိသေးတဲ့ အသင်း နဲ့ ကစားရမှာ ဖြစ်ပေမယ့် အတ္တလန်တာ အသင်း ကပ္ပတိန် ကတော့ နိုင်ပွဲ ရယူ နိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိနေပါတယ် ။ ” အသင်းတိုင်းကတော့ အနိုင်ယူလို့ ရတဲ့ အသင်းတွေချည်းပါပဲ ။ အခု အချိန်မှာ လေဗာကူဆင် အသင်းက အနိုင် ယူလို့ မရတဲ့ အသင်းပုံတော့ ပေါက်နေတာပေါ့ဗျာ ။ ဒါပေမဲ့ ကျနော်တို့ အသင်းက အဲ့ဒီအရာကို ပြောင်းလဲ နိုင်တဲ့ အသင်း ဖြစ်ကောင်း ဖြစ်သွား နိုင်ပါတယ် ။ ”

” ကျနော်တို့ အနေနဲ့ ကိုယ့်ရဲ့ ပုံစံ ၊ ကစားနေကြ တိုက်စစ် ကစားဟန် အတိုင်း သူတို့ကို အနိုင်ယူဖို့ ကြိုးစား သွားမှာပါ ။ အကောင်းဆုံး အသင်းကို အနိုင်မယူဘဲနဲ့တော့ ဆုဖလား အောင်မြင်မှု ရမှာ မဟုတ်ပါဘူး ၊ ကျနော်တို့ ဒီရာသီ အကောင်းဆုံး ပုံစံ ရနေခဲ့ပြီး ဒီနေရာမှာ ထိုက်ထိုက်တန်တန် ရှိနေတာပါ ။ နှစ်သင်းစလုံးက ဖိုင်နယ် ကစားဖို့ ထိုက်တန်တဲ့ အသင်းတွေဆိုတော့ ဘယ်အသင်း ဆုဖလား ကိုင်မြှောက်နိုင်မလဲ ကြည့်ကြတာပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar