
The Telegraph သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် မတ်လောရဲ့ အဆိုအရ ယမန်နေ့ ဗြိတိန် စံတော်ချိန် ၁၁နာရီခွဲ အချိန်မှာ မော်ရစ်စီယို ပိုချက်တီနိုဟာ ရှေ့နေ့တွေကို လက်ဆွဲနှုတ်ဆက်ခဲ့ကာ ၊ ချဲလ်ဆီးကနေ အပြီးသတ် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ် ။
ပိုချက်တီနိုဟာ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေ လက်ထက် တတိယမြောက် အမြဲတမ်း နည်းပြ အပြောင်းအလဲ ဖြစ်ပြီး ၊ ဒီတကြိမ်မှာတော့ ၂ဦး၂ဖက်အကြား သဘောတူညီမှုနဲ့ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ် ။ ရာထူးက ထုတ်ပယ်ခြင်း ၊ ငြင်းခုံခြင်း မရှိခဲ့ပဲ လက်ဆွဲနှုတ်ဆက်ပြီး ၊ လေးစားမှု ရှိရှိနဲ့ ကိုယ့်လမ်း ကိုယ်သွားခဲ့ကြတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ သောကြာနေ့က တော့ဒ်ဘိုလီနဲ့ ညစာစားခဲ့တဲ့ ပိုချက်တီနိုဟာ နောက်ဆုံး နှုတ်ဆက် အထိမ်းအမှတ် အနေနဲ့ တွေ့ဆုံမှုလို့ သတ်မှတ်ရပါမယ် ။ စာချုပ် သက်တမ်း တနှစ် ကျန်ရှိနေသေးတာကြောင့် ပိုချက်တီနို တယောက် ထိုအတွက် လစာကိုလည်း တင်းပြည့်ကျပ်ပြည့် ရရှိသွားမှာ ဖြစ်ပါတယ် ။
အမေရိကန်ပိုင်ရှင်တွေ လက်ထက် သောမတ်စ် တူချယ်ကို ထုတ်ပယ်ခဲ့ခြင်းဟာ ချဲလ်ဆီး ပရိသတ်တွေကို အကြီးအကျယ် ရှော့ခ်ရစေခဲ့ပေမယ့် ၊ ဂရေဟမ် ပေါ်တာကို ထုတ်ပယ်ခဲ့ရာမှာ ပရိသတ်တွေ အားလုံး ဝမ်းပန်းတသာ ဖြစ်ခဲ့ကြပြီး ၊ ယခု တကြိမ် ပိုချက်တီနိုနဲ့ လမ်းခွဲခဲ့ခြင်းက အနည်းငယ် စောလွန်းသေးတယ်လို့ ပရိသတ်တွေကို ခံစားရစေမှာ ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ တနင်္လာနေ့ နေ့လယ်ပိုင်းမှာ အားကစား ဒါရိုက်တာ ၂ဦး ဖြစ်တဲ့ ပေါလ်ဝင်စတန်လေနဲ့ လောရန့် စတီးဝပ်တို့ဟာ ပိုချက်တီနိုကို တရာသီစာ ခြုံငုံသုံးသပ်မှု အတွက် ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းသို့ ဆင့်ခေါ်ခဲ့ပါတယ် ။ ယင်းအာဂျင်တိုင်းသားဟာ ချဲလ်ဆီး ရှယ်ယာရှင် တဦး ဖြစ်တဲ့ ဘာဒက် အဂ်ဘာလီနဲ့လည်း စကားပြောခဲ့ရပါတယ် ။

ယင်းတွေ့ဆုံမှု အတွင်း အပြောင်းအရွှေ့ ကိစ္စရပ်တွေမှာ ဘယ်သူက တာဝန်ယူရမယ် ဆိုတာမျိုး သဘောမတူခြင်း မရှိခဲ့ပါဘူး ။ ခြားနားချက်တွေကို ရှင်းလင်းပြီး ၊ အတွေးအခေါ် ၊ ကလပ် တည်ဆောက်မှု လမ်းစဉ် အကြောင်းတွေနဲ့ ပတ်သက်ကာ အဓိက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ် ။
ဘောလုံး ရာသီ ပိတ်သိမ်းတာ ပူပူနွေးနွေး ရှိသေးတာကြောင့် တနင်္လာနေ့မှာ အတည်ပြု ဆုံးဖြတ်ချက် မချဖို့ခဲ့ကြပေမယ့် ၊ အင်္ဂါနေ့မှာလည်း အခြေအနေက မပြောင်းလဲခဲ့တာကြောင့် ၊ နေ့လယ် ၁၁နာရီခွဲ အချိန်မှာ ပိုချက်တီနို တယောက် ချဲလ်ဆီးနဲ့ လမ်းခွဲဖို့ နှုတ်အားဖြင့် သဘောတူခဲ့ပါတယ် ။
တော့ဒ်ဘိုလီကတော့ သောကြာနေ့ ညစာ တွေ့ဆုံမှု အပြီး အမေရိကန်သို့ လေယာဉ်နဲ့ ပြန်သွားခဲ့ပေမယ့် ၊ တနင်္ဂနွေနေ့ ဘုန်းမောက်နဲ့ ရာသီသိမ်းပွဲကိုတော့ တဖန် လာရောက် ကြည့်ရှုခဲ့ပြန်ပါတယ် ။ တနင်္လာနဲ့ အင်္ဂါ ၂ရက်အတွင်း ဆွေးနွေးမှုတွေမှာလည်း ဘိုလီဟာ ဖုန်းနဲ့ အဆက်အသွယ် ရှိခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ ၂၀၂၅ ဇွန်လ အလယ်မှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် အခြေအနေ တည်မြဲမှု ပေးနိုင်မယ့် နည်းပြ တဦးနဲ့ အသင်းကို လည်ပတ်လိုတဲ့အတွက် ၊ စာချုပ် တနှစ်ပဲ ကျန်တော့တဲ့ ပိုချက်တီနိုနဲ့ ဆက်လက် လက်တွဲဖို့ ကိစ္စ အပေါ် ကလပ် တာဝန်ရှိသူတွေက စိုးရိမ်မှုခဲ့ကြပါတယ် ။
မတ်လောရဲ့ အဆိုအရ ပိုချက်တီနိုနဲ့ ချဲလ်ဆီး တာဝန်ရှိသူတွေ အကြား ဆက်ဆံရေး ပြိုလဲစ ပြုခဲ့တဲ့ အချိန်ဟာ ဇန်နဝါရီ ဈေးကွက်အပြီး ရက်အနည်းငယ်ကြာမှာ ဖြစ်တယ်လို့ သိရပါတယ် ။ တည်ကန်ဘော ကာကွယ်ပုံ အားနည်းနေခြင်း အတွက် ပိုချက်တီနို တယောက် ထောက်ပြမှု ကြိမ်ဖန်များစွာ ခံခဲ့ရကာ ၊ ဒါက ၂ဦး၂ဖက် အကြားက ယုံကြည်မှုကို ထိခိုက်စေခဲ့ပါတယ် ။
ပိုချက်တီနိုနဲ့ နီးစပ်သူ တချို့ကတော့ ချဲလ်ဆီးရဲ့ တည်ကန်ဘော အားနည်းမှုဟာ အရပ်အမောင်း သေးတဲ့ ကစားသမားတွေ များနေခြင်းကြောင့်လို့ ပြန်လည် တုန့်ပြန်ခဲ့ခြင်းက အသင်း ပိုင်ရှင်တွေနဲ့ အားကစားဒါရိုက်တာတွေ အပေါ် မထိတထိ စွပ်စွဲတိုက်ခိုက်ခဲ့ဟန် ပေါ်ခဲ့ပါတယ် ။
ဒါ့အပြင် ဝုလ်ဗ်ကို အိမ်ကွင်းမှာ ၂ – ၄ နဲ့ ရှုံးပြီးနောက် ၊ လီဗာပူးကို ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ရှုံးပြီးနောက် ချဲလ်ဆီး ပိုင်ရှင်တွေဟာ ပိုချက်တီနို အပေါ် တဖြည်းဖြည်း ယုံကြည်မှု လျော့နည်းလာခဲ့ပါတယ် ။ အခုအခါမှာတော့ ချဲလ်ဆီးဟာ လာမယ့် ရာသီ အတွက် တည်ကန်ဘော နည်းပြသစ် အဖြစ် ဘရန်းဖို့ဒ်မှ ဘာနာဒို ကွေဗာကို ခေါ်ယူထားပြီး ဖြစ်ပါတယ် ။
ပိုချက်တီနိုရဲ့ လမ်းခွဲကို ဖြစ်စေတဲ့ နောက်ဆုံး အကြောင်းအရင်းကတော့ ဒဏ်ရာ ပြဿနာ ဖြစ်ပြီး ၊ တရာသီလုံးနီးနီး တသင်းစာလောက် ရှိနေခဲ့တဲ့ ဒဏ်ရာရ ကစားသမားတွေနဲ့ ပတ်သက်ကာ ယင်းအာဂျင်တိုင်းသားဟာ ကံဆိုးခြင်းကိုသာ အပြစ်ပုံချခဲ့ပေမယ့် ၊ တကယ်တမ်းမှာ ဌာနဆိုင်ရာတွေမှ သက်ဆိုင်သူအားလုံးကို ဖိအားများစေခဲ့ပါတယ် ။

ကိုးလ်ပါလ်မာ အပါအဝင် အခြားသော ချဲလ်ဆီး လူငယ် ကြယ်ပွင့်တွေကို ခြေစွမ်း ကြီးကြီးမားမား တိုးတက်အောင် စွမ်းဆောင်ပေးခဲ့သော်ငြားလည်း ၊ ပိုချက်တီနိုဟာ ချဲလ်ဆီးမှာ ကြာကြာမခံလိုက်သလို ၊ ပရိသတ်တွေကိုပင် နောက်ဆုံး အပိတ်ပွဲမှာ မနှုတ်ဆက်နိုင်ခဲ့ပဲ ထွက်ခွာသွားရပြီ ဖြစ်ပါတယ် ။
SPORTS MYANMAR