
ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ မတိုင်ခင်က ၂နှစ် စာချုပ်နဲ့ ခေါ်ယူခန့်အပ်ထားတဲ့ အာဂျင်တီးနားလူမျိုး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ မနေ့ကပဲ တရားဝင် လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ် ။ ဒါဟာ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေ လက်ထက် တတိယ အကြိမ်မြောက် အမြဲတမ်း နည်းပြ ဖယ်ရှားခြင်းလည်း ဖြစ်ပါတယ် ။
အမေရိကန်ပိုင်ရှင်တွေရဲ့ ပေါ်လစီအရ ချဲလ်ဆီးဟာ ပိုချက်တီနိုရဲ့ နေရာကို အစားထိုးဖို့ သောမတ်စ် တူချယ် ၊ အန်တိုနီယို ကွန်တီ ၊ ဂျိုဆေး မော်ရင်ညိုတို့လို နည်းပြဟောင်း တဦးဦးထဲက ခေါ်ယူဖို့ အစီအစဉ် လုံးဝ မရှိပဲ ၊ နှစ်ရှည် စီမံကိန်းနဲ့ လည်ပတ်လို့ ရမယ့် အတွေ့အကြုံနု အလားအလာရှိ လူငယ် နည်းပြ တဦးကို ခန့်အပ်သွားဖို့ မျှော်မှန်းရပါတယ် ။

အထက်က ဖော်ပြခဲ့တဲ့ ချဲလ်ဆီး နည်းပြဟောင်းတွေ အားလုံး အသင်းလက်မဲ့ ဖြစ်နေကြပေမယ့် ၊ တော့ဒ်ဘိုလီတို့ဟာ သူတို့ရဲ့ စီမံကိန်းနဲ့ ပိုမို ကိုက်ညီမယ့် တက်သစ်စ နည်းပြတွေကို ပစ်မှတ်ထားလျက် ရှိပါတယ် ။
ချဲလ်ဆီး နည်းပြသစ် ဖြစ်လာဖို့ လျာထားလို့ ရမယ့် နည်းပြစာရင်းထဲမှာ စတုဂတ်မှ ဆီဘတ်စ်တီယန် ဟိုးနက်စ် ၊ ဂျီရိုနာမှ မစ်ချယ် ၊ အစ်ဆွစ်ချ်တောင်းမှ ကီရန် မက်ကန်နာ ၊ လက်စတာမှ အန်ဇို မာရက်စ်ကာနဲ့ ဘရိုက်တန်နဲ့ ပူပူနွေးနွေး လမ်းခွဲထားတဲ့ ရော်ဘတ်တို ဒီဇာဘီတို့ ပါဝင်နေပါတယ် ။
သိပ်ပြီး အလားအလား မရှိပေမယ့် အမေရိကန် ပိုင်ရှင်တွေ အကြိုက်တွေ့နိုင်တဲ့ ပရောဂျက် နည်းပြ တချို့လည်း ရှိနေသေးပြီး ၊ ထိုအထဲမှာ ဘရန်းဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်လည်း တဦး အပါအဝင် ဖြစ်ပေမယ့် ၊ တန်းဆင်းသွားရပြီ ဖြစ်တဲ့ ဘန်လေ နည်းပြ ဗင်းဆင့် ကွန်ပနီကတော့ မနှစ်ကလောက် အမေရိကန် ပိုင်ရှင်တွေရဲ့ မျက်စိကျခြင်းကို မရတော့ပါဘူး ။

ဇွန်လထဲမှာ ကျင်းပမယ့် ယူရိုနဲ့ ကိုပါအမေရိက ပြိုင်ပွဲတွေမှာ သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင် အသင်းတွေနဲ့ ပူးပေါင်းမှာ အရွေးမခံရတဲ့ ကစားသမားတွေကတော့ ဇူလိုင် ၄ရက်နေ့မှာ စတင်မယ့် ရာသီကြို ထရိန်နင် ပြင်ဆင်မှုကို အမှီ report တင်ပေးရမယ်လို့ သိရပါတယ် ။
ကလပ်ဖက်ကလည်း နည်းပြသစ် ရှာဖွေမှု အတွက် အချိန် အကြာကြီး ယူမှာ မဟုတ်တာကြောင့် ၊ ရက်ပိုင်း သို့မဟုတ် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ ချဲလ်ဆီး နည်းပြ ဘယ်သူ ဖြစ်လာမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိရဖို့ များပါတယ် ။
နည်းပြ ရှာပုံတော်ကို အားကစား ဒါရိုက်တာ ၂ဦး ဖြစ်တဲ့ ပေါလ်ဝင်စတန်လေနဲ့ လောရန့် စတူးဝပ်တို့က ဦးဆောင်သွားမှာ ဖြစ်ကာ ၊ ဘယ်သူတွေက ချဲလ်ဆီး နည်းပြသစ် ဖြစ်လာဖို့ ထိုက်တန်တယ် ဆိုတာ ရှယ်ယာရှင်တွေ ဖြစ်ကြတဲ့ တော့ဒ်ဘိုလီ ၊ ဘာဒက် အဂ်ဘာလီနဲ့ ဂျိုဆေး ဖီလစ်ဆီယာနိုတို့ထံ တင်ပြသွားရမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီးမှ အလိုရှိတဲ့ နည်းပြ ပုံစံမျိုးဟာ ဘောလုံးပိုင်ဆိုင်မှု အသားပေး ၊ ကစားရမယ့် ပွဲအရေအတွက် အတွင်း အသင်းကို သင့်တင့်လျောက်ပတ်မှု ရှိအောင် ပုံသွင်း ပြင်ဆင်ပေးနိုင်ပြီး ၊ ခံစစ်ပိုင်းအရ တည်ငြိမ် ကျစ်လျစ်မှု ပေးစွမ်းနိုင်မယ့် နည်းပြမျိုး ဖြစ်တယ်လို့လည်း သိရပါတယ် ။
ဒါ့အပြင် ချဲလ်ဆီး နည်းပြသစ် ဖြစ်လာမယ့်သူဟာ ပုံစံကောင်း ရနေတဲ့ ကိုးလ်ပါလ်မာလို ကစားသမားမျိုးကို ဆက်လက် အံဝင်အောင် နေရာချ သုံးစွဲပေးရမှာ ဖြစ်သလို ၊ နွေရာသီ ဈေးကွက် အတွင်း ထပ်ရောက်လာမယ့် ကစားသမားသစ်တွေကိုလည်း တိုးတက်မှု ရှိအောင် စွမ်းဆောင်ပေးရမှာ ဖြစ်ပါတယ် ။
လက်ရှိ ချဲလ်ဆီး အသင်းဟာ ဥရောပ ဝင်ခွင့် တနေရာ ရထားပြီး ရှုံးထွက်ဖလားတွေမှာ ဗိုလ်လုပွဲ ၊ အကြို ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့တာကြောင့် ပိုချက်တီနိုရဲ့ နေရာကို ဆက်ခံမယ့် နည်းပြသစ်ဟာ လာမယ့် ရာသီမှာ ဆုဖလား တလုံး ယူပေးဖို့ ၊ ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် စွမ်းဆောင်ပေးဖို့ ဖိအားတွေ ရှိလာမှာ သေချာပါတယ် ။
SPORTS MYANMAR